၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်တွင် နိုင်ငံတော်အဆင့်အခမ်းအနားကြီးအဖြစ် ထည်ထည်ဝါဝါ စည်စည်ကားကား ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အမျိုးသားအားကစားပွဲတော်ကြီးကို ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ အကြိုပြိုင်ပွဲများအဖြစ် မသန်စွမ်းအားကစားပြိုင်ပွဲ၊ အားကစားနည်းများအလိုက် ပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားရုံနှင့် အားကစားကွင်းအသီးသီးတွင် အကြိတ်အနယ်ယှဉ်ပြိုင်လျက်ရှိရာ ဆုတံဆိပ်များပင် ရရှိနေကြပြီဖြစ်သည်။
လက်ရှိတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် စစ်ကိုင်းတိုင်းဒေသကြီးက ရွှေတစ်ခု၊ မွန်ပြည်နယ်က ရွှေတစ်ခု၊ ကရင်ပြည်နယ်က ငွေတစ်ခု၊ ရခိုင်ပြည်နယ်က ငွေတစ်ခု၊ ရန်ကုန်တိုင်းဒေသကြီးက ကြေးတစ်ခုနှင့် မန္တလေးတိုင်းဒေသကြီးက ကြေးတစ်ခုရရှိထားသည်။ မသန်စွမ်းအားကစားနည်းပြိုင်ပွဲများတွင် ဧရာဝတီတိုင်းဒေသကြီးက ရွှေ ၁၁ ခု၊ ငွေငါးခု၊ ကြေးလေးခု၊ ပဲခူးတိုင်းဒေသကြီးက ရွှေရှစ်ခု၊ ငွေငါးခု၊ ကြေးခုနစ်ခု၊ ရန်ကုန်တိုင်းဒေသကြီးက ရွှေခုနစ်ခု၊ ငွေ ခုနစ်ခု၊ ကြေးငါးခု၊ မန္တလေးတိုင်းဒေသကြီးက ရွှေလေးခု၊ ငွေကိုးခု၊ ကြေး ၁၁ ခု၊ မွန်ပြည်နယ်က ရွှေလေးခု၊ ငွေခုနစ်ခု၊ ကြေးလေးခု၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်က ရွှေလေးခု၊ ငွေငါးခု၊ ကြေးခြောက်ခုတို့ ဆွတ်ခူးရရှိထားသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေး၊ အမျိုးသားအားကစားပွဲတော်ကြီးတွင် တက်ကြွစွာပါဝင်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရရှိရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ပြိုင်ပွဲဝင်အားကစား မောင်မယ်များသည် အချိန်ယူလေ့ကျင့်ပြင်ဆင်ခဲ့ကြပြီး အချို့အသင်းများအနေဖြင့် ပွဲစဉ်အလိုက် အကြိုပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ အချို့မှာ အောင်မြင်မှု ဆုတံဆိပ်အသီးသီးတို့ပင် ရရှိခဲ့ကြပြီဖြစ်သည်။ အချို့လည်း ပြိုင်ပွဲဝင်ရမည့်နေ့ရက်များကို စောင့်ကြိုနေသကဲ့သို့ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာကျင်းပမည့် အားကစားပွဲတော်ကြီးတွင် ဆိုင်ရာဆိုင်ရာ အားကစားကဏ္ဍအလိုက် အောင်မြင်မှုများ ဆွတ်ခူးရရှိနိုင်ရေးအတွက် နိုးကြားတက်ကြွ အားမာန်အပြည့်ဖြင့် အသင့်ရှိနေကြသည်။
အားကစားတိုးတက်အောင်မြင်ခြင်းသည် အသင်းအဖွဲ့တစ်ခု၏ အောင်မြင်မှုအတွက်သာမက နိုင်ငံသူ နိုင်ငံသားများ၏ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်ခြင်း၊ လူသားအရင်းအမြစ်များ တိုက်ရိုက်ဖွံ့ဖြိုးတိုးတက်စေခြင်း၊ နိုင်ငံနှင့် လူမျိုး၏ဂုဏ်ကို မြှင့်တင်ပေးခြင်း၊ တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်နိုးကြားစေခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီးမှုစိတ်များ တိုးပွားလာစေခြင်း၊ အားကစားကဏ္ဍတွင် ပြည်သူများစိတ်ဝင်စားမှုမြင့်တက်လာသည်နှင့်အမျှ အားကစားဘက်တွင် ပိုမိုအလေးထားလိုက်စားလာကြခြင်းဖြင့် ပြည်သူလူထုတစ်ရပ်လုံး သက်ရှည်ကျန်းမာရေးအတွက် အထောက်အကူများစွာရရှိနိုင်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်နှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် ရည်ရွယ်ချက်များဖြင့် ထည်ထည်ဝါဝါ သိုက်သိုက်ဝန်းဝန်း ကျင်းပနေခြင်းဖြစ်သည်။
အမျိုးသားအားကစားပွဲတော်ကျင်းပခြင်းသည် အားကစားပြိုင်ပွဲသက်သက် ကျင်းပခြင်းဟုမခံယူဘဲ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားလှုပ်ရှားမှု၊ အမျိုးသားအားမာန်တို့ကို ထုတ်ဖော်ပြသသည့်ပွဲတော်၊ အမျိုးသားကြံ့ခိုင်သန်စွမ်းမှုနှင့် အမျိုးသားအားမာန်များ ဝင့်ကြွားခံ့ထည်နေမှုတို့ကို လှစ်ဟပြသည့်ပွဲတော်ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်သည်။ အားကစားမှ ပေါ်ထွက်လာသောအားမာန်များ၊ ခွန်အားများ၏ အရေးပါမှုများကို အသိအမှတ်ပြုသောအားဖြင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်ကိုတည်ဆောက် ကာကွယ်နေခြင်း ဖြစ်ပါသည်ဟု ဆိုကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်နေကြသည့် အသင်းအဖွဲ့များ၊ အားကစားသမားများသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက်၊ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်၊ အဖွဲ့အစည်းများအလိုက် ကိုယ်စားပြုကြိုးပမ်းယှဉ်ပြိုင်နေကြသည်ဖြစ်သော်လည်း အနှစ်သာရမှာ ပြည်ထောင်စု ကြီးတစ်ခုလုံးမှ ပြည်ထောင်စုသားများအားလုံး၏အားမာန်များကို အားကစားကဏ္ဍမှတစ်ဆင့် မြှင့်တင်ဖော်ထုတ်လိုက်ခြင်းပင်ဖြစ်ပါကြောင်း။ ။