“လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ၎င်းတို့၏ အခြေခံလွတ်လပ်ခွင့်များနှင့် သက်ဆိုင်သည့် တရားရေးဆိုင်ရာ အာမခံချက်ဖြစ်သည်။” ဟု ကုလသမဂ္ဂက အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်ခဲ့ရာ ယခုနှစ်တွင် ၇၆ နှစ်သို့တိုင် ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြု ထုတ်ပြန်နိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲပေးခဲ့သည့်နိုင်ငံဖြစ်သည်။
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင်ပါရှိသည့် လူ့အခွင့်အရေးစံများကို လေးစားသောအားဖြင့် ကမ္ဘာ့နိုင်ငံအများစုတို့တွင် ၎င်းတို့၏ဖွဲ့စည်းပုံအခြေခံဥပဒေများ၌ ၎င်းစံများကို ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားကြရာ မိမိတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို အခန်းတစ်ခန်း ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထား သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန် “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ” ကို ပြဋ္ဌာန်းထားပြီး ဥပဒေနှင့်အညီ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းထားရှိကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် အသိပညာပေးမှုများကို ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မိမိတို့နိုင်ငံအနေဖြင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး ကျင့်သုံးလိုက်နာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး အဓိကသဘောတူ စာချုပ်များဖြစ်ကြသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများအခွင့် အရေးဆိုင်ရာ သဘောတူစာချုပ်၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တို့တွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါစာချုပ်များနှင့် ဆက်စပ်နေသည့် နောက်ဆက်တွဲ သဘောတူစာချုပ်တချို့တွင်လည်း ပါဝင်ချုပ်ဆိုထားသည်။
လူသားများအနေဖြင့် မိမိတို့၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် သူတစ်ပါး၏ ဂုဏ်သိက္ခာနှင့်အခွင့်အရေးကို အသိအမှတ်ပြုပြီး လေးစားတန်ဖိုးထားခြင်း၊ ခွဲခြားမှုမပြုဘဲ တန်းတူညီမျှရှိစေခြင်းတို့သည် လူ့အခွင့်အရေး၏အရေးပါသည့် အနှစ်သာရများပင်ဖြစ်သည်။ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၂၉ (၂)ပါ “မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုကျင့်သုံးရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ လေးစားရန်အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင် တရားမျှတသော လိုအပ်ချက်များဖြစ်သည့် ကိုယ်ကျင့်တရား၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန်အလို့ငှာလည်းကောင်း၊ ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိသည်။” ဟူသော ပြဋ္ဌာန်းချက်ကို လေးစားလိုက်နာကြရန်လည်းလိုအပ်သည်။
အခြေခံလူ့အခွင့်အရေးများ နိုင်ငံသူနိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို အပြည့်အဝရရှိပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန်မှာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု ရှိနေစေရန် လိုအပ်သည်။ ပြည်တွင်းဒေသအချို့တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ အရပ်သားပြည်သူများအပေါ် ပြုမူသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပေါ်ထွက်လာလျက်ရှိရာ လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်မှုများ အမြန်ဆုံးချုပ်ငြိမ်းသွားရန်လိုသည်။ နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းများ အောင်မြင်မှုရရှိသည်နှင့်အမျှ နိုင်ငံသူနိုင်ငံသားတို့၏ အခြေခံအခွင့်အရေးများ ပိုမိုတိုးတက်မြင့်မားစွာ ရရှိလာနိုင်ပါမည့်အကြောင်း။ ။