Skip to main content

တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၇

တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက နယ်မြေဒေသအခြေအနေအရ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် အဖွဲ့ခွဲများ၏ အဓိကလုပ်ငန်းဖြစ်သော ပြည်သူတို့၏ တိုင်ကြားစာများကို စံလုပ်ထုံးလုပ်နည်းများနှင့်အညီ တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဖွဲ့ခွဲများအနေဖြင့် ပြည်သူများ အသိပညာပြန့်ပွားရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဥပဒေအသိပညာပေးခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်းတို့ကို တတ်နိုင်သမျှ ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ယနေ့အစည်းအဝေးတွင် တက်ရောက်လာကြသူများက မိမိတို့အဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရာတွင် ပြည်သူများ၏ ဥပဒေရေးရာနစ်နာမှုများနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေအောင် မည်သို့ဆက်လက်လုပ်ဆောင်ကြမည်ကို ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း။

ပြောကြား

တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တရားမျှတမှုလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း ပါဝင်လျက် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်ကြောင်း၊ အဆိုပါကော်မတီနှစ်ရပ်မှ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် အကြံပြုချက်များ၊ ဥပဒေအသိပညာပေးဆွေးနွေးပွဲများ ကျင်းပမည့် အစီအစဉ်များနှင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုရရှိအောင် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများမှ အဖွဲ့ဝင်များကလည်း အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်