မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပြည်သူလူထုထဲမှ ပေါ်ပေါက်လာသော တပ်မတော်ဖြစ်သည်။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းရင်းစတင်သန္ဓေတည်ခဲ့သည်။ မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဖြစ်ပေါ်လာရန် တိုက်ပွဲဝင်ခဲ့သည်။ လွတ်လပ်ပြီး နိုင်ငံအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန် ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို အသက်၊ သွေး၊ ချွေးရင်းနှီးပေးဆပ်၍ တွန်းလှန်ကာကွယ်ခဲ့သည်။ ယင်းတို့သည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်။
မျိုးချစ်စိတ်ဆိုသည်မှာ တိုင်းပြည်ကာကွယ်ရေးအတွက်သာမက ပြည်ထောင်စုကြီး အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်အရေးကိစ္စကိုမဆို ခေါင်းငုံ့မခံအရဲစိတ်မာန်ဖြင့် ကာကွယ်လိုသော စွမ်းအားကြီးမားသည့်စိတ်ဓာတ်ဖြစ်သည်။ “မျိုးချစ်စိတ်ဆိုရာမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့စိတ်၊ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကိုထိရင် မချိအောင်နာတတ်တဲ့စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားမယ်ဆိုတဲ့ စိတ်တို့ပဲ ဖြစ်ပါတယ်။ အဲဒီလိုအရင်းခံစိတ်တွေ ကိန်းဝပ်လာအောင် တည်ဆောက်ပေးနိုင်မှသာ တစ်ဦးချင်းရဲ့ ယုံကြည်ချက်၊ ခံယူချက်မြင့်မားလာပြီး စိတ်ဓာတ်ခိုင်မာကောင်းမွန်လာမှာဖြစ်တယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၆) သင်တန်းဆင်းပွဲတွင် ပြောကြားခဲ့သည်။
တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြသူများဖြစ်၍ ယုံကြည်ချက်၊ ခံယူချက်မှန်ကန်ပြီး စိတ်ဓာတ်ကောင်းမွန်အောင် တည်ဆောက်ထားကြသူများဖြစ်သည်။ မျိုးချစ်စိတ်၊ တိုင်းပြည်ကာကွယ်လိုစိတ်၊ မိမိတပ်ဖွဲ့နှင့် တပ်မတော်အပေါ် ချစ်ခင်တွယ်တာ လိုစိတ်များရှိစေရန် အစဉ်အမြဲလေ့ကျင့်ပျိုးထောင်လျက်ရှိသည်။ ထိုသို့ စိတ်ဓာတ်များ မြင့်မားခိုင်ကျည်နေပါလျှင် လူသူလက်နက်အင်အားနည်းသော်လည်း အောင်မြင်မှုရရှိအောင် ကြံ့ကြံ့ခံဆောင်ရွက်နိုင်စွမ်းရှိသည်ကို တွေ့ရသဖြင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ထက်သန်အောင် အစဉ်အမြဲပျိုးထောင်ပေးနေရမည်ဖြစ်သည်။
တိုင်းပြည်ကာကွယ်ရေးအတွက် တိုက်ပွဲဝင်ရာတွင် တိုက်လိုခိုက်လိုစိတ်များ မြင့်မားစေရန်အတွက် တပ်မတော်၏စိတ်ဓာတ်များဖြစ်သည့် လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ ပေးအပ်သည့်တာဝန်အပေါ်တွင် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် မဖြစ်မနေအောင်မြင်အောင်လုပ်မည်ဆိုသည့် စိတ်ဓာတ်၊ တပ်မတော်၏ အစဉ်အလာကောင်းများကို အသက်နှင့်လဲပြီး စောင့်ထိန်းမည်ဆိုသည့် စိတ်ဓာတ်မျိုးရရှိအောင် တည်ဆောက်သွားကြရန်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို အရင်းခံပြီး မွန်မြတ်သည့် စိတ်ဓာတ်များဖြင့် တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး တပ်မတော်၏ဂုဏ်ကို မြှင့်တင်သွားကြရန်ဆိုသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်များကို အလေးအနက်ထားလိုက်နာကြရမည် ဖြစ်သည်။
တပ်မတော်သားများသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ခိုင်မာသည့်သန္နိဋ္ဌာန်စိတ်ဖြင့် ကိုယ်ပိုင်သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်လာခဲ့ကြသူများဖြစ်သည်။ စည်းကမ်းသည် တပ်မတော်၏ကျောရိုးဖြစ်သလို အသက်ဝိညာဉ်ဖြစ်သည်။ တပ်မတော်သည် မွန်မြတ်သောစိတ်ထားနှင့် ကောင်းမွန်သည့် စည်းကမ်းများနှင့်တည်ဆောက်ထားသော တစ်ခုတည်းသော အဖွဲ့အစည်းကြီးဖြစ်သည်။ မပျက်မကွက်လိုက်နာရမည့် ဆောင်ရန်စည်းကမ်းများနှင့် လုံးဝမပြုလုပ်ရန် တားမြစ်ထားသည့် ရှောင်ရန်စည်းကမ်းများကို တိကျစွာလိုက်နာရသည့် အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်သားအားလုံးလိုက်နာရန် တိုက်တွန်းထားသည့် စစ်သည်တော်ကျင့်ဝတ်အပါး (၆၀)ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာလိုက်နာကြရသည်။ ထို့ပြင် စစ်မြေပြင်စည်းကမ်း၊ လုပ်ငန်းခွင်စည်းကမ်းနှင့် နယ်ဘက်ဆိုင်ရာစည်းကမ်းဥပဒေများကို လေးစားလိုက်နာကြရသည်။
သို့ဖြစ်ရာ တပ်မတော်သည် ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေများဖြင့် တိကျခိုင်မာစွာ စနစ်တကျဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော်သားများသည် မွန်မြတ်သော စိတ်ဓာတ်များ၊ ခံယူချက်များနှင့် ကြီးလေးသောတာဝန်ဝတ္တရားများကို လေးစားလိုက်နာဆောင်ရွက်လျက်ရှိသည်။ စစ်မှန်သည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ စည်းကမ်းလိုက်နာသည့် စိတ်ဓာတ်များဖြင့် အစဉ်အလာကြီးမားသည့် တပ်မတော်၏ ဂုဏ်ဒြပ်များကို အစဉ်အလာမပြတ် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရင်း နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိပါကြောင်း။ ။