သီးနှံဖျက်ပိုးများကြောင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းမကျဆင်းစေရန် စိုက်ပျိုးတောင်သူတိုင်းက ဓာတုဗေဒပိုးသတ်ဆေးများကို မဖြစ်မနေသုံးစွဲကြရသည်။ သီးနှံဖျက်သည့် အင်းဆက်ပိုးမွှားများသေစေရန် သုံးစွဲရသည့် ပိုးသတ်ဆေးများမှာ အဆိပ်များပင်ဖြစ်ပြီး အထူးသတိပြု ကိုင်တွယ်သုံးစွဲကြရမည်ဖြစ်သော်လည်း ကာလကြာမြင့်စွာ သုံးစွဲခြင်းကြောင့် ပတ်ဝန်းကျင် ရေထု၊ မြေထု၊ လေထုတို့ကို အဆိပ်သင့်ညစ်ညမ်းစေသည်။ ပိုးသတ်ဆေးပမာဏကို ညွှန်ကြားသည့် အတိုင်းအတာထက် ပိုမိုသုံးစွဲခြင်း၊ သုံးစွဲပြီးသော ပိုးသတ်ဆေးဖျန်းကိရိယာများ၊ ပုံးခွံဘူးခွံများကို စနစ်တကျကိုင်တွယ်စွန့်ပစ်မှုမရှိခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်ပေါ်စေသည်။
စင်စစ်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများမှာ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတုဆေးများပင်ဖြစ်သည်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ သီးနှံ၊ ပန်းမန်များ စိုက်ပျိုးသည့်စိုက်ခင်း၊ စိုက်ကွင်းများတွင် အဖျက်ပိုးတစ်မျိုးမျိုး ကျရောက်လာသည့်အခါ ဓာတုပိုးသတ်ဆေးများကို မသုံးမဖြစ်သုံးစွဲကြရသည်။ ပိုးသတ်ဆေးကို လိုအပ်သည့်အချိန်တွင် လိုအပ်သည့်ပမာဏကို မသုံးစွဲနိုင်ပါက စိုက်ပျိုးသီးနှံများ ဆုံးရှုံးရသည့်အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်မှ ကြည့်လျှင်မူ စိုက်ခင်းများ၊ ဥယျာဉ်ခြံများ၊ သစ်တောများတွင် ဖျန်းပက်ထားသည့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများမှ ဓာတုပစ္စည်းများသည် အချိန်ကြာမြင့်စွာ မြေကြီးထဲတွင်အောင်းနေပြီး သက်ရှိသတ္တဝါများ၏ ခန္ဓာကိုယ်အတွင်းသို့ နည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိသွားခြင်း၊ ရေစီးကြောင်းများမှ တစ်ဆင့်ပြီးတစ်ဆင့် စီးဆင်းသွားပြီး နေ၊ လေတို့ကြောင့် ပုံစံသစ်ပြောင်းဖွဲ့စည်းသွားကာ အပင်၊ သတ္တဝါများကို ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်စေခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ယင်းသို့သော နည်းလမ်းများဖြင့် လူသားတို့ကို အကျိုးပြုနိုင်သော အင်းဆက်များ၊ လိပ်ပြာ၊ ဖား စသည့်သတ္တဝါငယ်လေးများ၊ ငါးမျိုးစိတ်အများအပြား၊ ငှက်မျိုးစိတ်အများအပြားတို့ သေကျေပျက်စီးဆုံးရှုံးသွားကြရသည်။
ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ FAO နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့က အင်ဒရင်း၊ ဘီအိပ်ချ်စီ၊ ဒီဒီတီနှင့် ဒီဒီတီအနွယ်ဝင် အယ်ဒရင်း၊ ဒိုင်အယ်လ်ဒရင်း စသည့်ပိုးသတ်ဆေးများကို သီးနှံသိုလှောင်ရုံများ၊ စိုက်ခင်းများတွင် သုံးစွဲခြင်းမပြုရန် တားမြစ်ထားသည်။ ပိုးသတ်ဆေးကို စနစ်တကျလုံခြုံမှုရှိစွာ ကိုင်တွယ်သုံးစွဲမှုမပြုခြင်းကြောင့် စိုက်ပျိုးရေးသမားတောင်သူများတွင်ရော၊ စားသုံးသူများကိုပါ အန္တရာယ်ဖြစ်စေနိုင်သည်။ ဓာတုပိုးသတ်ဆေးကို တစ်နည်းနည်းဖြင့် ရှူမိခြင်း၊ ထိတွေ့မိခြင်း၊ ပါးစပ်ထဲသို့ရောက်ရှိသွားခြင်း စသည်တို့ကြောင့် ပိုးသတ်ဆေးအဆိပ်သင့်မှုဖြစ်ပေါ်စေနိုင်သည်။ ပိုးသတ်ဆေးအဆိပ်သင့်ခြင်းကြောင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ၊ အသည်းနှင့် ကျောက်ကပ်ပျက်စီးမှုများ၊ ကင်ဆာဖြစ်ပွားနိုင်ခြေများ၊ မျိုးဆက်ပွားကျန်းမာရေးထိခိုက်မှုများနှင့် မွေးရာပါချို့ယွင်းမှုများ၊ ရုတ်တရက်အသက် အန္တရာယ်ကျရောက်စေသည်အထိ ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။
မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးသုံးပိုးသတ်ဆေးပေါင်း ၄၀၀၀ ကျော် မှတ်ပုံတင်ထားပြီး ပိုးသတ်ဆေးများ အရည်အသွေးပြည့်မီရေး၊ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမဖြစ်ပေါ်စေရေး၊ စားသုံးသူများ ဘေးကင်းလုံခြုံရေးတို့အတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထိန်းကျောင်းကြပ်မတ်လျက်ရှိသည်။ စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးတို့အပါအဝင် စိုက်ပျိုးရေးသုံးဓာတုဆေးတို့ကို အချိန်ကာလတစ်ရပ်အထိ မသုံးမဖြစ်သုံးစွဲနေကြရဦးမည်ဖြစ်သည်။ ယင်းသို့သုံးစွဲရာတွင် အဆိုပါဓာတုဆေးတို့၏ အာနိသင်များ၊ အန္တရာယ်များ၊ သုံးစွဲသင့်သည့်ပမာဏ၊ မည်သို့စနစ်တကျ ကိုင်တွယ်သုံးစွဲရမည် စသည်တို့အပါအဝင် သိမှတ်လိုက်နာကျင့်သုံးရမည့် အကြောင်းအရာများကို တောင်သူများနှင့် အဆိုပါဆေးများ ကိုင်တွယ်သုံးစွဲသူများအားလုံးက ကောင်းစွာသိနားလည်ထားကြရမည်ဖြစ်သည်။ ယင်းသို့သိနားလည်ကြစေရန်အတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ဓာတုဆေးရောင်းချသူကုမ္ပဏီများတွင် တာဝန်ရှိသည်။
စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများအပါအဝင် ဓာတုဆေးများကို သိနားလည်မှုကင်းမဲ့စွာဖြင့် အလွန်အကျွံသုံးစွဲခြင်းသည် သုံးစွဲသူကိုသာမက စားသုံးသူများကိုလည်း အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့်အပြင် အဆိုပါသီးနှံများကို ပြည်ပသို့ တင်ပို့ရောင်းချမိပါကလည်း ဈေးကွက်တွင် ငြင်းပယ်ခံရပြီး နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေမည်ဖြစ်သည့်အလျောက် ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲရေးနှင့် ရေရှည်တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးရေးတို့ကို မြှင့်တင်ဆောင်ရွက်သွားကြရပါမည့်အကြောင်း။ ။