Skip to main content

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၆) သင်တန်းဆင်းပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း

ရဲဘော်တို့

ဒီနေ့ဟာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၆)ရဲ့ သင်တန်းဆင်းတဲ့နေ့ဖြစ်သလို နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားသစ်လောင်းတဲ့နေ့လည်းဖြစ်တာမို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာပြောကြားလိုတယ်။

ရဲဘော်တို့

“တပ်မတော် (ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော လက်ရုံးရည်နှင့် နှလုံးရည်ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်” ဆိုတဲ့ စစ်တက္ကသိုလ်ရဲ့ ရည်ရွယ်ချက်နဲ့အညီ ရဲဘော်တို့ကို နိုင်ငံတော်နဲ့ တပ်မတော်ကအားထားရမယ့် နိုင်ငံ့သားကောင်းများအဖြစ် လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်းဖြစ်တယ်။ အမိစစ်တက္ကသိုလ်က မွေးထုတ်ပေးခဲ့တဲ့ ရဲဘော်တို့ဟာ နိုင်ငံတော်နဲ့ တပ်မတော်အတွက် ခွန်အားသစ်တွေကို ဖြည့်ဆည်းပေးမယ့် မျိုးဆက်သစ်အရာရှိငယ်များဖြစ်လို့ တာဝန်ကျရာ တပ်အသီးသီးကိုရောက်ရှိချိန်မှာ အမိစစ်တက္ကသိုလ်ရဲ့ဂုဏ်ကို စောင့်ထိန်းပြီး ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်သွားကြရမှာဖြစ်တယ်။ စစ်တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “နောင်တစ်ခေတ်၏ အောင်စစ်သည်” ဆိုတဲ့အတိုင်း ရဲဘော်တို့ဟာ မျိုးဆက်သစ်ခေါင်းဆောင်ငယ်များအနေနဲ့ စစ်မြေပြင်မှာ အောင်ပွဲတွေရရှိအောင် သင်ကြားပေးလိုက်တဲ့ စစ်ပညာ၊ စာပေပညာရပ်တွေကို ထိရောက်စွာ အသုံးချကာ သူရသတ္တိနဲ့ တွေးခေါ်မြော်မြင်မှု ပေါင်းစပ်ပြီး ကြိုးစားအားထုတ် တာဝန်ထမ်းဆောင်သွားကြဖို့ လိုအပ်တယ်။ နိုင်ငံတော်ကိုကာကွယ်ဖို့ ခိုင်မာတဲ့သန္နိဋ္ဌာန်စိတ်နဲ့ မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်ကို ဝင်ရောက်လာခဲ့တဲ့ ရဲဘော်တို့အနေနဲ့ စစ်တက္ကသိုလ်ရဲ့ မွန်မြတ်တဲ့ အစဉ်အလာ၊ ကောင်းမွန်တဲ့ ဂုဏ်သတင်းများကို ဆက်လက်စောင့်ထိန်းပြီး စစ်မြေပြင်မှာ မှတ်ကျောက်တင်ခံနိုင်မယ့် စစ်သားကောင်းများဖြစ်အောင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်သွားကြပါလို့ မှာကြားလိုတယ်။

ရဲဘော်တို့

တပ်မတော်ရဲ့ တပ်ရင်း/တပ်ဖွဲ့အသီးသီးမှာ ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန် ထမ်းဆောင်ကြရတော့မယ့် ရဲဘော်တို့ဟာ မိမိကွပ်ကဲရမယ့် လက်အောက်ငယ်သားတွေကို မှန်ကန်တဲ့ခေါင်းဆောင်မှုပေးနိုင်ဖို့လိုအပ်တယ်။ အမိကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ခေါင်းဆောင်မှုပညာရပ်ဟာ အခြေခံသဘောမျှသာဖြစ်တဲ့အတွက် လက်တွေ့နယ်ပယ်ကရရှိလာတဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေနဲ့ ပေါင်းစပ်ပြီး ခေါင်းဆောင်ကောင်းတွေဖြစ်အောင် ကြိုးစားကြရမယ်။

ဒါ့အပြင် မိမိဦးဆောင်တဲ့အဖွဲ့ကို မှန်ကန်တဲ့ခေါင်းဆောင်မှုပေးနိုင်ဖို့ လက်အောက်ငယ်သားများကို ကျောသားရင်သားမခွဲခြားဘဲ ကွပ်ကဲအုပ်ချုပ်နိုင်ရမယ်။ ကိုယ်တိုင်စံနမူနာပြဖြစ်အောင် နေထိုင်ခြင်းဖြင့် လက်အောက်ငယ်သားတွေရဲ့ ရိုသေမှု၊ လေးစားမှု၊ ယုံကြည်ကိုးစားမှုနဲ့ သစ္စာရှိစွာ ပူးပေါင်းဆောင်ရွက်မှုတို့ကိုရယူပြီး ပေးအပ်တဲ့ ရည်မှန်းချက်တာဝန်တွေကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ဖို့လိုအပ်တယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ ဒို့တပ်မတော်က ပြဋ္ဌာန်းထားတဲ့ ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နဲ့အညီ ပြုမူကျင့်ကြံပြီး စစ်မြေပြင်နှင့်လုပ်ငန်းတာဝန် နယ်ပယ်အသီးသီးမှာ လက်အောက်ကို မှန်ကန်တဲ့ ခေါင်းဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းများ ဖြစ်ရန်အတွက် မိမိတို့ရဲ့ခေါင်းဆောင်မှုအရည်အသွေးများကို အစဉ်တိုးတက်နေအောင် ကြိုးပမ်းတည်ဆောက်သွားကြဖို့ မှာကြားလိုတယ်။

ရဲဘော်တို့

ဒို့တပ်မတော်သားတွေဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာမှာ ဘယ်အချိန်ဘယ်နေရာပဲဖြစ်ဖြစ် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရတဲ့သူတွေဖြစ်လို့ ယုံကြည်ချက်၊ ခံယူချက်မှန်ကန်ပြီး စိတ်ဓာတ်ကောင်းမွန်ဖို့ အထူးလိုအပ်တယ်။ တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကောင်းမွန်စေဖို့အတွက် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေးတို့နဲ့ ဖန်တီးပေးရမှာဖြစ်သလို တစ်ဖက်ကလည်း မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ ခံယူချက်၊ ယုံကြည်ချက်၊ အစဉ်အလာ၊ သမိုင်းကြောင်းစတာတွေနဲ့ တည်ဆောက်ပေးရမှာဖြစ်တယ်။ မျိုးချစ်စိတ်ဆိုရာမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့စိတ်၊ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကိုထိရင် မချိအောင်နာတတ်တဲ့စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲတိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားမယ်ဆိုတဲ့စိတ်တို့ပဲဖြစ်တယ်။ အဲဒီလိုအရင်းခံစိတ်တွေ ကိန်းဝပ်လာအောင် တည်ဆောက်ပေးနိုင်မှသာ တစ်ဦးချင်းရဲ့ ယုံကြည်ချက်၊ ခံယူချက်မြင့်မားလာပြီး စိတ်ဓာတ်ခိုင်မာကောင်းမွန်လာမှာဖြစ်တယ်။ စိတ်ဓာတ်ကောင်းရင် လူ၊ လက်နက်အင်အားနည်းသော်လည်း အောင်မြင်မှုရရှိအောင် ကြံ့ကြံ့ခံဆောင်ရွက်နိုင်စွမ်းရှိတာကို တွေ့ရှိရတယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ မိမိကိုယ်တိုင်သာမက မိမိကွပ်ကဲရတဲ့တပ်ဖွဲ့ဝင်တွေကိုပါ မျိုးချစ်စိတ်၊ တိုင်းပြည်ကိုကာကွယ်လိုစိတ်၊ မိမိတပ်ဖွဲ့နဲ့ တပ်မတော်အပေါ် ချစ်ခင်တွယ်တာ စိတ်ရှိစေဖို့ လေ့ကျင့်ပြုစုပျိုးထောင်နေကြရမှာဖြစ်တယ်။ ဒါ့အပြင် တိုက်ပွဲဝင်ရာမှာလည်း ရဲဘော်တို့အပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့ တိုက်လိုခိုက်လိုစိတ်မြင့်မားစေဖို့အတွက် တပ်မတော်ရဲ့ စိတ်ဓာတ်တွေဖြစ်တဲ့ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်၊ ပေးအပ်တဲ့တာဝန်အပေါ်မှာ တုံးတိုက်တိုက် ကျားကိုက်ကိုက် မဖြစ်မနေအောင်မြင်အောင် လုပ်မယ်ဆိုတဲ့စိတ်ဓာတ်၊ ဒို့တပ်မတော်ရဲ့ အစဉ်အလာကောင်းတွေကို အသက်နဲ့လဲပြီး စောင့်ထိန်းမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရရှိအောင် တည်ဆောက်သွားကြဖို့လိုတယ်။ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို အရင်းခံပြီး မွန်မြတ်တဲ့စိတ်များနဲ့ တပ်မတော်ရဲ့ ကောင်းမြတ်တဲ့အစဉ်အလာ ကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး တပ်မတော်ရဲ့ဂုဏ်ကို မြှင့်တင်သွားကြဖို့ မှာကြားလိုတယ်။

ရဲဘော်တို့

စိတ်ဓာတ်ကောင်းမွန်မှုနဲ့ စည်းကမ်းလိုက်နာမှုတို့ဟာ ဆက်စပ်နေတာကြောင့် စိတ်ဓာတ်ကောင်းရင် စည်းကမ်းလိုက်နာမှုလည်း အားကောင်းလာမှာဖြစ်တယ်။ စည်းကမ်းဆိုတာ လူ့ကျင့်ဝတ်တစ်ခုဖြစ်သလို တပ်မတော်ရဲ့ကျောရိုးနဲ့ အသက်ဝိညာဉ်လည်းဖြစ်တာကြောင့် အလေးထားလိုက်နာ စောင့်ထိန်းကြဖို့လိုအပ်တယ်။ စည်းကမ်းအမျိုးမျိုး သတ်မှတ်ထားပေမယ့် အမျိုးအစားခွဲခြားမယ်ဆိုရင် တိုက်တွန်းချက်၊ တားမြစ်ချက်များဖြစ်တဲ့ ဆောင်ရန် စည်းကမ်းနဲ့ ရှောင်ရန်စည်းကမ်းဆိုပြီး နှစ်မျိုးသာရှိတာကို တွေ့ရမယ်။ ဆောင်ရန်စည်းကမ်းဆိုတာကတော့ ရဲဘော်တို့ မပျက်မကွက်လိုက်နာရမယ့် အချက်တွေဖြစ်ပြီး ရှောင်ရန်စည်းကမ်းကတော့ လုံးဝမပြုလုပ်ရန် တားမြစ်ထားတဲ့အချက်တွေဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ ဒို့တပ်မတော်သားအားလုံးအတွက် လိုက်နာရန်တိုက်တွန်းထားတဲ့ စစ်သည်တော် ကျင့်ဝတ်အပါး(၆၀)ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာလိုက်နာသွားဖို့လိုအပ်သလို စစ်မြေပြင် စည်းကမ်းတွေ၊ လုပ်ငန်းခွင်စည်းကမ်းတွေနဲ့ နယ်ဘက်ဆိုင်ရာ စည်းကမ်းဥပဒေတွေကိုလည်း လေးစားလိုက်နာကြရမယ်။ ရှောင်ကြဉ်ရမယ့်စည်းကမ်းတွေအနေနဲ့ တပ်မတော်အက်ဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်လို့ အဲဒီဥပဒေတွေကိုလည်း သိရှိနားလည်အောင် လေ့လာပြီး အလေးထားလိုက်နာဖို့ လိုအပ်တယ်။ ဒါ့အပြင် နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေတဲ့ “စစ်ပွဲဆိုင်ရာဥပဒေများနဲ့ ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း”တွေကိုလည်း သိရှိလိုက်နာကြရမှာဖြစ်တယ်။

ရဲဘော်တို့

ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမယ့် ရဲဘော်တို့ဟာ ကိုယ့်လက်အောက် ငယ်သားတွေကို စည်းကမ်းလိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်ရမှာဖြစ်သလို ကိုယ်ကိုယ်တိုင် လည်း လိုက်နာစောင့်ထိန်းဖို့လိုအပ်တယ်။ အထူးသဖြင့် စည်းကမ်းအရာမှာ စံနမူနာပြလိုက်နာ စောင့်ထိန်းရမှာဖြစ်ပြီး တစ်ဦးချင်းနဲ့အဖွဲ့အစည်းအပေါ် ထိခိုက်စေနိုင်တဲ့ ပြုမူနေထိုင်မှုတွေကို ရှောင်ကြဉ်ကြဖို့ လိုအပ်တယ်။ အသောက်အစားနဲ့ အပျော်အပါးများဟာ မိမိတို့တစ်ဦးချင်းရဲ့စွမ်းဆောင် ရည်တွေကိုသာမက မိမိတို့ရဲ့ မိသားစုနဲ့အဖွဲ့အစည်းအပေါ်ကို ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ တစ်ဦးချင်းကိုယ်စီ အသိတရား၊ ဆင်ခြင်တုံတရားများနဲ့ နေထိုင်ဖို့လိုအပ်သလို မိမိလက်အောက်ငယ်သားများကိုလည်း ထိန်းသိမ်းကြပ်မတ်သွားဖို့လိုတယ်။ မိမိတစ်ဦးချင်းစီ၏ ပြုမူပြောဆိုနေထိုင်မှုများဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့အတွက် တစ်ဦးချင်းစီက စည်းကမ်းနဲ့အညီ နေထိုင်ပြုမူကျင့်ကြံကြရန် လိုအပ်ကြောင်း မှာကြားလိုတယ်။

ရဲဘော်တို့

ဒို့တပ်မတော်သားတွေဟာ အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ ရာသီဥတုမရွေး တာဝန်ထမ်းဆောင်နေကြရသူတွေဖြစ်တဲ့အတွက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုရှိဖို့ကို အလေးထားလုပ်ဆောင်ကြဖို့လိုတယ်။ ကျန်းမာကြံ့ခိုင်ဖို့ကို လေ့ကျင့်ရေးနဲ့လုပ်ယူရတာဖြစ်ပြီး တပ်တစ်တပ်ကို တည်ဆောက်တဲ့နေရာမှာ လေ့ကျင့်ရေးဟာ အရေးကြီးဆုံးလုပ်ငန်းဖြစ်တယ်။ လေ့ကျင့်ရေးနဲ့ ကျန်းမာကြံ့ခိုင်မှုဟာ အပြန်အလှန်သက်ရောက်မှုရှိပြီး လေ့ကျင့်နေမှသာ ကျန်းမာကြံ့ခိုင်နေမှာဖြစ်သလို ကျန်းမာကြံ့ခိုင်နေမှလည်း လေ့ကျင့်ရေးလုပ်ငန်းတွေကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်နိုင်မှာဖြစ်တယ်။ လေ့ကျင့်ရေးလုပ်ဆောင်ခြင်းဟာ ကြံ့ခိုင်မှုနဲ့ ကျွမ်းကျင်မှုရှိဖို့ဖြစ်တယ်။ ကြံ့ခိုင်မှုဆိုတာ တပ်ဖွဲ့ဝင် တစ်ဦးချင်းရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာကြံ့ခိုင်နေအောင် လေ့ကျင့်တာဖြစ်သလို ကျွမ်းကျင်မှုဆိုတာကတော့ မိမိတို့ကိုင်တွယ်အသုံးပြုနေတဲ့ လက်နက်တွေနဲ့ သင်ယူလေ့လာထားတဲ့ စစ်ပညာရပ်တွေကို ကျွမ်းကျင်ဖို့လေ့ကျင့်တာဖြစ်တယ်။ အဲဒီလိုကျွမ်းကျင်မှုရှိမှ ယုံကြည်မှု ရှိလာမှာဖြစ်ပြီး ယုံကြည်မှုရှိမှလည်း ကြုံတွေ့လာတဲ့ အခက်အခဲတိုင်းကို ရဲဝံ့စွန့်စားစွာ ရင်ဆိုင်လုပ်ကိုင်နိုင်တဲ့ ရဲစွမ်းသတ္တိတွေရရှိလာမှာဖြစ်တယ်။ ဒါတွေဟာ လေ့ကျင့်မှုလုပ်ဆောင်ခြင်းမှရရှိတာဖြစ်လို့ စိတ်ပိုင်း၊ ရုပ်ပိုင်းအစဉ်ကြံ့ခိုင်မှုရှိအောင် ရဲဘော်တို့အနေနဲ့ “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်မှုရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်”ဆိုတဲ့ တပ်မတော်ရဲ့ လေ့ကျင့်ရေးမူဝါဒများနဲ့အညီ စဉ်ဆက်မပြတ်လေ့ကျင့်နေကြဖို့ မှာကြားလိုတယ်။

ရဲဘော်တို့

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အလွန်အကျည်းတန်၊ ရုပ်ဆိုးလှတဲ့ အဲဒီအချိန်က အာဏာရပါတီရဲ့ မဲမသမာမှုများကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး နိုင်ငံ့တာဝန် ထိန်းသိမ်းပေးနေတဲ့ တပ်မတော်ရဲ့ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည်မှန်းချက်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးဖြစ်တယ်။ ရွေးကောက်ပွဲအကြိုလုပ်ငန်းများဖြစ်တဲ့ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကို အောက်တိုဘာလဆန်းမှစတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်နိုင်ခဲ့တယ်။ အဲဒီလိုလုပ်ဆောင်ခဲ့တာဟာ နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာပါရှိတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိတဲ့ အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်။ သန်းခေါင်စာရင်းက ရရှိလာမယ့်အချက်အလက်များဟာ နိုင်ငံတော်ရဲ့ လက်ရှိနဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် အသုံးဝင်မှာဖြစ်သလို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကိုလည်း အထောက်အကူပြုမှာဖြစ်တယ်။ မှန်ကန်တဲ့မဲစာရင်းများနဲ့ ရွေးကောက်ပွဲကို စည်းစနစ်ကျစွာကျင်းပပြီး ရွေးကောက်ပွဲမှထွက်ပေါ်လာတဲ့အစိုးရကို နိုင်ငံတော်တာဝန်များလွှဲအပ်နိုင်ရေး ဆက်လက်လုပ်ဆောင်ရာမှာ ရဲဘော်တို့အနေနဲ့ ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုတယ်။

ရဲဘော်တို့

ဒို့တပ်မတော်ဟာ ပြည်သူတွေနဲ့ပူးပေါင်းပြီး ခေတ်အဆက်ဆက်မှာ ပြည်တွင်းပြည်ပအန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသလို နိုင်ငံတော်မှာ ကြုံတွေ့လာရမယ့် ဘေးအန္တရာယ်တွေကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ပြည်သူလူထုစည်းလုံးညီညွတ်မှုအားနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းရှိရမှာဖြစ်တယ်။ ယနေ့ကာလမှာ ပြည်တွင်းပြည်ပအဖျက်သမားများဟာ ဆိုရှယ်မီဒီယာကို လက်နက်သဖွယ်အသုံးပြုပြီး အစိုးရနဲ့ပြည်သူ၊ ပြည်သူနဲ့တပ်မတော် သွေးကွဲအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲအောင် ထိုးနှက်တိုက်ခိုက်လျက်ရှိတယ်။ အထူးသဖြင့် နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေတဲ့ ဒို့တပ်မတော်သား အချင်းချင်းစိတ်ဝမ်းကွဲအောင် သတင်းအတု၊ သတင်းအမှားတွေနဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာ မြင်တွေ့ကြရမှာဖြစ်တယ်။ အဲဒီလိုတပ်မတော်ဖြိုခွဲရေးအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သတင်းအတု၊ သတင်းအမှားတွေကို နားမယောင်မိဖို့လိုသလို ရဲဘော်တို့အနေနဲ့ တာဝန်ကျရာတပ်အသီးသီးကို ရောက်ရှိသွားချိန်မှာ တပ်မတော်သားနဲ့ မိသားစုဝင်တွေ သတင်းအတု၊ သတင်းအမှားများကြောင့် ယုံကြည်ချက်၊ ခံယူချက်တွေ မယိမ်းယိုင်သွားစေဖို့နဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေး ခိုင်မာအားကောင်းစေဖို့အတွက် စည်းရုံးလုပ်ဆောင်သွားကြဖို့ လိုအပ်တယ်။ တပ်တွင်းစည်း လုံးညီညွတ်မှုရှိစေရေးအတွက် အထက်ကပေးအပ်တဲ့ အမိန့်နဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ဖို့ လိုသလိုလက်အောက်ကို ထိတွေ့မှုများများနဲ့ဦးဆောင်ပြီး နေ့စဉ်လုပ်ဆောင်ရမယ့် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ်ကို အောင်မြင်စွာလုပ်ဆောင်သွားကြဖို့ အလေးထားမှာကြားလိုတယ်။

ရဲဘော်တို့

တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာအားကောင်းအောင် တည်ဆောက်ရမှာဖြစ်သလို တစ်ဖက်ကလည်း တပ်ပြင်စည်းရုံးရေးကို အောင်မြင်အောင်လုပ်ဆောင်သွားကြဖို့လိုအပ်တယ်။ လက်ရှိအချိန်မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းများနဲ့လူပုဂ္ဂိုလ်တချို့ဟာ တပ်မတော်အပေါ် ပြည်သူလူထုရဲ့ အထင်အမြင်တွေ လွဲမှားသွားစေဖို့အတွက် ပြည်ဖျက်မီဒီယာများနဲ့ပူးပေါင်းပြီး တပ်မတော်ပုံရိပ်ကျဆင်းအောင် ပြောဆိုရေးသားနေကြတာကို တွေ့ရတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ တပ်မတော်အပေါ်မှာသာမက တစ်မျိုးသားလုံးရဲ့စည်းလုံးညီညွတ်မှုအပေါ်မှာ ဆိုးရွားစွာထိခိုက်နိုင်တာ ရဲဘော်တို့အသိပဲဖြစ်တယ်။ ဒါကြောင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေအပေါ် အသိ၊ သတိနဲ့ ဆင်ခြင်ပြီး စစ်မှန်တဲ့တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို အလေးထားလုပ်ဆောင်သွားရမှာပဲဖြစ်တယ်။ တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာမှာလည်း ရဲဘော်တို့အနေနဲ့ စစ်သည်တော်ကျင့်ဝတ်နဲ့အညီ နေထိုင်ကျင့်ကြံပြီး မိမိနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်တပ်တစ်အား ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါက အချိန်နဲ့တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်ခြင်းများအပါအဝင် ပြည်သူ့အကျိုးပြု လုပ်ငန်းမှန်သမျှကို တပ်မတော်ရဲ့ အဓိကလုပ်ငန်း တာဝန်တစ်ရပ်အဖြစ်ခံယူပြီး စစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ အပြည့်အဝ လုပ်ဆောင်ပေးကြဖို့ အလေးအနက်ထားမှာကြားလိုတယ်။

ရဲဘော်တို့

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့

- စစ်တက္ကသိုလ်ရဲ့ မွန်မြတ်တဲ့အစဉ်အလာ၊ ကောင်းမွန်တဲ့ ဂုဏ်သတင်းများကို ဆက်လက်စောင့်ထိန်းပြီး စစ်မြေပြင်မှာ မှတ်ကျောက်တင်ခံနိုင်မယ့် စစ်သားကောင်းများဖြစ်အောင် စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်သွားကြပါ။

- ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆)ရပ်နဲ့အညီ ပြုမူကျင့်ကြံပြီး မိမိတို့ရဲ့ ခေါင်းဆောင်မှုအရည်အသွေးများကို အစဉ်တိုးတက်နေအောင် ကြိုးပမ်းတည်ဆောက်သွားကြပါ။

- မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို အရင်းခံပြီး မွန်မြတ်တဲ့စိတ်များနဲ့ တပ်မတော်ရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး တပ်မတော်ရဲ့ ဂုဏ်ကိုမြှင့်တင်သွားကြပါ။

- နိုင်ငံတော်ကာကွယ်ရေးအတွက် တိုက်ပွဲဝင်အသင့်ရှိစေဖို့ “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်မှုရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်”ဆိုတဲ့ တပ်မတော်ရဲ့လေ့ကျင့်ရေးမူဝါဒများနဲ့အညီ လေ့ကျင့်မှုတွေ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြပါ။

- တပ်မတော်ရဲ့ ရည်မှန်းချက်တာဝန်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ကျရာတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်တဲ့ “နောင်တစ်ခေတ်၏ အောင်စစ်သည်” များဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်လိုက်တယ်။