၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီး စတင်ကျင်းပရန် ရက်ပိုင်းမျှသာလိုပါတော့သည်။ ယခုအခါ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာလ ၂ ရက်နေ့မှစတင်၍ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်းများ၊ အားကစားပြိုင်ပွဲရုံများ၌ ကျင်းပလျက်ရှိရာ ဘော်လီဘော၊ ဖူဆယ်နှင့်ဘောလုံးပြိုင်ပွဲများ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေကြသည်ကို အားရဖွယ်မြင်တွေ့ရသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး၏ အားကစားပြိုင်ပွဲများဖြစ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၀)နှစ်အောက် ဘော်လီဘောပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပလျက်ရှိသည်။ အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြပြီး အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ဘောဂဝတီအားကစားကွင်းနှင့် လယ်ဝေးမြို့နယ်အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားလျက်ရှိကြသည်။ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲများကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေးအားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို နိုင်ငံတော်၏အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း ခြောက်နည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်း၊ မသန်စွမ်းအားကစားနည်း လေးနည်းတို့ကို ထည့်သွင်းကျင်းပလျက်ရှိသည်။ အမျိုးသားအားကစားပွဲတော်သည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ချက်ဖြင့် ကျင်းပနေခြင်းဖြစ်သည့်အပြင် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်စေရန်၊ ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံသားအားလုံး စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည့်အတွက် ကြုံတောင့်ကြုံခဲအခွင့်အရေးတစ်ခုကို လက်ဆုပ်လက်ကိုင်ပြု၍ ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်နေကြသည်။
အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ရိုးရိုးသားသား၊ ကြိုးကြိုးစားစား ယှဉ်ပြိုင်ကစားနေကြသည်မှာ အားတက်ဖွယ်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ခွန်အားများ အားကောင်းသန်မာမှုအပေါ်တွင်မူတည်နေသဖြင့် အဆိုပါ အချက်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကဏ္ဍကို မြှင့်တင်အားပေးနေခြင်းဖြစ်သည်။ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး၊ အားကစားနည်းများအလိုက် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေးမှသည် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးနှင့် လူငယ်လူရွယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်ရေးအတွက် အားကစားကို မြှင့်တင်အားပေး ဆောင်ရွက်နေခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ရှိ လူမှုရေးဦးတည်ချက်(၃)ရပ်၌ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”၊ “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” အချက်များကို အကောင်အထည်ဖော်ရာ၌ ယခုကဲ့သို့ အမျိုးသားအားကစားပွဲတော်များတွင် တစ်မျိုးသားလုံး ပါဝင်လှုပ်ရှားအားပေးမြှင့်တင်ဆောင်ရွက်ကြခြင်းသည် နိုင်ငံတော်ကချမှတ်ထားသည့် ရည်မှန်းချက်များကို အထောက်အကူပြု ဖြည့်ဆည်းပေးရာရောက်ပေသည်။
သို့ဖြစ်ရာ နိုင်ငံတော်နှင့်ပြည်သူများကို ခွန်အားများပေးစွမ်းနိုင်သော တစ်မျိုးသားလုံးအကျုံးဝင်သည့်၊ တစ်မျိုးသားလုံးပါဝင်ရမည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးကို စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေကြပြီဖြစ်ရာ အားမာန်အပြည့်ဖြင့် ယှဉ်ပြိုင်ဆင်နွှဲကြပြီး အမျိုးသားကစားပွဲတော်ကြီးမှတစ်ဆင့် နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ် မြင့်မား တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။