Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံ

မိုင်းရယ်    စက်တင်ဘာ   ၂၅

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်း ရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်တို့ ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် (၁၀)နာရီအချိန် က မိုင်းရယ်မြို့၊ ရပ်ကွက်(၁)ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံပါသည်။

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့အား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းစုနိုင်ဦး (ဦးစီးအရာရှိ)က မိုင်းရယ်မြို့နယ် အတွင်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လည်းကောင်း၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသန်းလွင် က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆောင်ရွက်ထား ရှိမှုများအားလည်းကောင်း တင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် က ရွေးကောက်ပွဲကျင်းပသည့်နေ့ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ  ၆ ပေအကွာ မဲပေးနိုင်ရန်အတွက် မဲရုံပရဝုဏ်များကို ယခင်ကထက် ပိုမိုတိုးချဲ့ထားရန် လိုအပ်ပါကြောင်း၊ မီးမရရှိသည့် မဲရုံများ အတွက် မီးစက်များအား ကျေးရွာမှကူညီပေးရန်နှင့် လောင်စာဆီလို အပ်ချက်ကို တင်ပြထားသည့်အတွက် ကောင်းမွန်ပါကြောင်း၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မြို့နယ်တွင်း ဆောင်ရွက်မှုများကို တွေ့ရှိရပါကြောင်း အဝင်အထွက်များကို သေချာစွာစိစစ်ပြီး Quarantine များထားရှိရန်လိုအပ်ကြောင်း၊ မိမိကစပြီး ကာကွယ်ရန် လူတိုင်း Mask တပ်ရန်အတွက် ပညာပေးစည်းရုံးနည်းများဖြင့်သာ ဆောင်ရွက်ကြရန်၊ ဒဏ်ပေးသည့် နည်းစနစ်များမသုံးစွဲရန် ပြောကြားခဲ့ပြီး  ပြည်နယ်ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေ ကျပ်ဆယ်သိန်းအား လည်းကောင်း၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကိုလည်းကောင်း၊  သီရိသုဓမ္မမဏ္ဏိဇောတဓရ ဦးကျော်စွာထွန်း က ကျပ်ငါးသိန်းကိုလည်းကောင်း ထောက်ပံ့လှူဒါန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင် က လက်ခံခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မိုင်းရယ်-ကျေးသီးလမ်းပေါ်ရှိ နားလီကျေးရွာ အနီး မိုင်တိုင် (၅၀/၁)နှင့် (၅၀/၂)ကြားရှိ နမ့်ကျိချောင်းရေကျ၍ လမ်းပျက်စီးနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)