Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြုအားကစားအဖွဲ့များ တွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၄

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားအဖွဲ့များအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၄)၌ ကျင်းပသည်။

တက်ကြွစွာ ပါဝင်အားဖြည့်

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယနေ့အချိန်အခါတွင် နိုင်ငံတော်အနေဖြင့် လူမှုရေးဦးတည်ချက်(၃)ရပ် ချမှတ်ပြီး အားကစားကဏ္ဍတိုးတက်လာရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့်လည်း တက်ကြွစွာ ပါဝင်အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အဆင့်ကျင်းပသည့် အမျိုးသားအားကစားပွဲတော်တွင် “အနိုင်/အရှုံးသည် ပဓာနမဟုတ်၊ ယှဉ်ပြိုင်ခြင်းသာအဓိက” ဟူသော အားကစားစိတ်ဓာတ်ကိုအခြေခံ၍ ယှဉ်ပြိုင်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်မှကြီးမှူးကျင်းပသည့် အာကစားပြိုင်ပွဲများတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် အောင်မြင်မှုအစဉ်အလာများစွာရှိခဲ့ကြောင်း၊ ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်နိုင်စေရေးနှင့် နိုင်ငံတော်အတွက် ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အောင်ပန်းဆွတ်ခူးရရှိနိုင်စေရန် ဆန္ဒပြုတိုက်တွန်းကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် ဝန်ကြီးဌာနကိုယ်စားပြု အားကစားအဖွဲ့တစ်ခုချင်းစီ၏ အုပ်ချုပ်သူများက ကြိုးပမ်းလေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

၁၁၅ ဦး ပါဝင်ယှဉ်ပြိုင်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်အားကစားနည်းခြောက်မျိုးတွင် အာကစားသမား ၁၁၅ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်