Skip to main content

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရောက်မြန်မာနိုင်ငံသားများကြိုတင်ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာ မြန်မာသံရုံးများက အသိပေးကြေညာထား

နေပြည်တော် စက်တင်ဘာ ၂၃

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေ ကြသည့် မြန်မာနိုင်ငံသားများ အနက်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် ကြိုတင် ဆန္ဒမဲလက် မှတ်ဖြင့် ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြောင်းကို နိုင်ငံအသီးသီးရှိ မြန်မာ နိုင်ငံဆိုင်ရာသံရုံးများက အသိပေးကြေညာ ထားသည်။

ဂျပန်နိုင်ငံသို့ရောက်ရှိနေကြသည့် မြန်မာ နိုင်ငံသား ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် တိုကျိုမြို့တော်နှင့် ကန်တိုဒေသတွင် နေထိုင် သူများသည် တိုကျိုမြို့ရှိ မြန်မာသံရုံးတွင် အောက်တိုဘာ ၃ ရက်မှ ၉ ရက်အထိ ရုံးချိန် အတွင်း ကြိုတင်ဆန္ဒမဲများလာရောက်ပေး နိုင်ပြီး၊ ကျန်ပြည်နယ် များမှ ဆန္ဒမဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားများအနေဖြင့် အောက်တိုဘာ ၁၀ရက်မှ ၁၄ရက်အတွင်း လာရောက်ကြိုတင် ဆန္ဒမဲပေး နိုင်ကြောင်း သတင်းထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံ သားများ ဒုတိယအများဆုံး နေထိုင်ကြ သည့် တိုကိုင်းဒေသမှ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေး ရန်အတွက် နာဂိုရာရှိ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင် စစ်ဝန်ရုံးတွင် အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် သတ်မှတ်ထားကြောင်း သိရှိ ရသည်။ ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ

ကော်မရှင်မှ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များစာရင်း (ပုံစံ-ခ)ကိုလည်း လက်ခံရရှိသည့် အချိန်တွင် ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့မှ သတင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့ရှိ မြန်မာသံရုံး၊ ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ်မြို့ရှိ မြန်မာသံရုံး၊ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၊ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် မြို့ရှိမြန်မာသံရုံး၊ ဩစတြီးယားနိုင်ငံ ဗီယင်နာ မြို့ရှိ မြန်မာသံရုံး၊ ကူဝိတ်နိုင်ငံရှိ မြန်မာသံရုံး၊ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံး၊ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မြန်မာသံရုံး၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊ အစ္စရေးနိုင်ငံ တဲလ်အဗီမြို့ရှိ မြန်မာသံရုံး၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာသံရုံး၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ မြန်မာသံရုံး၊ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မြန်မာသံရုံး၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံး၊ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ မြန်မာသံရုံး၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၊ ကနေဒါနိုင်ငံ အော်တဝါမြို့ရှိ မြန်မာသံရုံး၊ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာ သံရုံးနှင့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးတို့ကလည်း မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အတွက် မဲရုံဖွင့်လှစ် မည့်နေရာများ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်း များနှင့် ကြိုတင်ဆန္ဒမဲပေးရမည့်နေ့ရက်များ ကို အသီးသီးကြေညာထားသည်ကို တွေ့ ရသည်။ သက်ဆိုင်ရာ မြန်မာသံရုံးများက အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများနှင့် ဝက်ဘ်ဆိုက်များတွင် အသိပေး ကြေညာလျက်ရှိသည်ကိုလည်း တွေ့ရသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံပြင်ပသို့ ရောက်ရှိ နေသူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပေးပို့ထားသည့် ပုံစံ(၁၅) များကို အဆင့်ဆင့်စိစစ်ကာ သက်ဆိုင်ရာ မြန်မာ သံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး များထံ အချိန်မီပေးပို့နိုင်ရန်ဆောင်ရွက်လျက် ရှိရာ လက်ရှိတွင် စက်တင်ဘာ ၁၈ ရက်က ဆန္ဒမဲပေးခွင့်ရှိသူ ၁၈၈ ဦးနှင့် ယနေ့တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂၀၄၂၆ ဦးတို့အတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ထားကြောင်း သိရသည်။

ခင်ရတနာ