မုံရွာ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင် စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်း နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ ညနေ(၄)နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ Quarantine Centre များသို့ သွားရောက်ကြည့်ရှု စစ်ဆေးအားပေးစကားများ ပြောကြားခဲ့ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့နယ် ညောင်ပင် သာကျေးရွာအုပ်စု ကံသာကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့မှုသူ (၁၃) ဦး Facility Quarantine ဝင်ရောက်နေမှုအခြေအနေနှင့် တာဝန် ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား သွားရောက် ကြည့်ရှု အားပေးစကားများ ပြောကြားပြီး လိုအပ်လျက်ရှိသော N-95 MASK များ၊ ရေသန့်ဗူးများနှင့် လက်သန့် ဆေးရည်ဗူးများကို ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ခင်ဦးမြို့စည်ပင်သာယာပန်းခြံနှင့် ကလေးကစားကွင်း ဆောင်ရွက်နေမှုအခြေအနေ၊ ရွှေဘို ညောင်ပင်သာ ရေဦးလမ်း ပျက်စီးနေသောလမ်းပိုင်းများ ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေ ရေဦး၊ ခင်ဦးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ရွှေဘို မြစ်ကြီးနားလမ်းပေါ်ရှိ ပေ ၆၀ ကိုးပင်တံတားသစ် တည်ဆောက်မှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် တာဝန်ရှိ သူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းကိုကို (ယင်းမာပင်)