Skip to main content

ရွှေဘိုမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဈေးသည် ၃ ဦးထံမှ ငွေကျပ်သိန်း ၃၀ သိမ်းဆည်းခြင်း၊ ဆိုင်ကယ်များကိုဖမ်းဆီးပြီး တစ်စီးလျှင် ငွေကျပ် ၃ သိန်းမှ အများဆုံး သိန်း ၂၀ ဖြင့် ပြန်ရွေးခိုင်းနေကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သစ်ကြီးတောကျေးရွာမှ ဈေးသည်အမျိုးသမီး ၂ ဦးနှင့် ပလိုင်းကျေးရွာမှဈေးသည် အမျိုးသမီး ၁ ဦးတို့မှ နိုဝင်ဘာလ ၂၉ ရက်တွင် ရွှေဘိုမြို့ပေါ်၌ ဈေးဝယ်ရန်အတွက် ဆိုင်ကယ်ဖြင့်လာရောက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆိုင်ကယ်လိုင်စင်မရှိ၍ ဈေးဝယ်ရန်ပါလာသည့် ငွေကျပ် သိန်း ၃၀ နှင့် ဆိုင်ကယ်များအား သိမ်းဆည်းသွားကြောင်း၊ ရွှေဘိုမြို့ပေါ်တွင် ဆိုင်ကယ်များကိုဖမ်းဆီးပြီး ငွေကျပ် ၃ သိန်းမှ သိန်း ၂၀ အထိပေး၍ ပြန်လည်ရွေးယူရကြောင်း မဟုတ်မမှန်သတင်းများ ဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်သမားများ စိမ့်ဝင်ခိုအောင်းမှုမရှိစေရေးနှင့် ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်သွားလာနိုင်ရေးအတွက် လုံခြုံရေးစစ်ဆေးဆောင်ရွက်မှုများရှိသော်လည်း လုံခြုံရေးနှင့်မသက်ဆိုင်သည့်ကိစ္စများကို ဆောင်ရွက်ခြင်းမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်၊ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့် အကြမ်းဖက်သမားများ လွယ်ကူစွာဝင်ထွက် သွားလာနိုင်စေရန်အတွက် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။