Skip to main content

နိုင်ငံနှင့် ပြည်သူအကျိုးစီးပွား စာပေစွမ်းပကားဖြင့် မြှင့်တင်

စာပေနှင့်ပတ်သက်လျှင် မြန်မာတို့က “အလိမ္မာစာမှာရှိဟူ၍ စွဲမှတ်ကြသည်။ အင်းဝခေတ် စာဆိုအကျော်အမော် ရှင်မဟာရဋ္ဌသာရ ဆရာတော်၏ဆုံးမစာတွင် “မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ မိုက်မှားခဲ့စွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။ ဟူ၍ပါရှိရာ စာပေသည် စာဖတ်သူတို့အား ယခုပစ္စုပ္ပန်နှင့် နောင်သံသရာအကျိုးကို ဆောင်ကြဉ်းပေးနိုင်သည်ဟု ရှေးကပင်ယုံကြည်ခဲ့ကြသည့် သာဓကတစ်ခုပင်ဖြစ်သည်။

စာကောင်းပေမွန်တို့က လူတစ်ဦးချင်းစီနှင့်တကွ လူ့လောကလူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်ပါ ကောင်းရာကောင်းကျိုးဖြစ်စေနိုင်သည်။ မကောင်းမှုတို့ကိုဖယ်ရှား၍ ကောင်းမှုတို့ ထွန်းကားလာစေရန်လည်း လမ်းညွှန်နိုင်သည်။ စင်စစ်စာကောင်းပေမွန်ဟူသည် စာပေပညာရှင်တို့၏ အမွန်အမြတ်ဖြစ်သော စိတ်နှလုံးမှထွက်ပေါ်လာခြင်းဖြစ်ရာ စာပေပညာရှင်တို့သည် အမှောင်ကိုလင်းစေသူ၊ အမှန်နှင့်အမှား၊ ကောင်းမှုနှင့် မကောင်းမှု၊ အကျိုးနှင့် အပြစ်၊ ဓမ္မနှင့်အဓမ္မတို့ကို ကွဲပြားစေသူတို့ပင်ဖြစ်သည်။ စာကောင်းပေမွန်တို့သည် စာဖတ်သူတို့အား သုတကိုလည်းကောင်း၊ ရသကိုလည်းကောင်း ပေးပြီး ဦးနှောက်အာဟာရ၊ နှလုံးသားအာဟာရတို့ကို ဖြည့်တင်းပေးနိုင်သည့် ဩဇာဓာတ်များပါရှိနေရာ စာပေပညာရှင်များ တစ်နည်းအားဖြင့် စာဆိုများ၏ လူ့ဘောင်လောကအပေါ် ပြုကြသည့်ကျေးဇူးများပါ ကြီးမားသည့်အလျောက် ဂုဏ်ပြုခံထိုက်သူများပင်ဖြစ်သည်။

မြန်မာပြက္ခဒိန်မှ နတ်တော်လသည် ရှေးမြန်မာဘုရင်များ လက်ထက်တွင် ဗြဟ္မဏအယူဝါဒလာနတ်မင်းကို ပူဇော်သည့်လဟူ၍လည်းကောင်း၊ ဆင်ဖမ်းသည့်လဟူ၍လည်းကောင်း၊ ထူးချွန်သည့်ပညာရှင်များ၊ စာဆိုတော်များကို ဂုဏ်ပြုပူဇော် ချီးမြှင့်သည့်လဟူ၍လည်းကောင်း စာပေမှတ်တမ်းများတွင် တွေ့ရှိရသည်။ မြန်မာလအလိုက် ကျင်းပကြသည့် ရှေးကပွဲတော်များသည် ခေတ်ကာလနှင့်မလျော်ညီတော့ဘဲ ပျောက်ကွယ်သွားသည်များလည်းရှိရာ ရှေးခေတ်က နတ်တော်လတွင် ကျင်းပခဲ့သည့်ပွဲများမှာ နှောင်းခေတ်တွင် ပျောက်ကွယ်သွားကြသည်။ စာပေပညာရှင်စာဆိုတော်များကို ဂုဏ်ပြုချီးမြှင့်သည့် စာဆိုတော်ဂုဏ်ပြုပွဲမှာမူ ဒုတိယကမ္ဘာစစ်ကာလတွင် ပြန်လည်ပေါ်ထွန်းလာခဲ့ပြီး ရှေးကအစဉ်အလာကို ပြန်လည်ဖော်ထုတ်ကာ နတ်တော်လဆန်း ၁ ရက်ကို “စာဆိုတော်နေ့ ဟူ၍ ကျင်းပခဲ့ကြသည်။ ၁၉၄၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် စတင်ကျင်းပခဲ့သည့် စာဆိုတော်နေ့သည် ယခုနှစ်တွင် နှစ်ပေါင်း ၈၀ တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။

မျက်မှောက်ကာလတွင် စာပေကိုပြုစုရေးသားကြသည့် စာပေပညာရှင်ကြီးများအား အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု၊ ပုဂ္ဂလိကစာပေဆုများဖြင့် နိုင်ငံတော်အစိုးရနှင့်တကွ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စေတနာရှင်လူပုဂ္ဂိုလ်များက အားပေးချီးမြှောက်ဂုဏ်ပြုလျက်ရှိသည်။ စာပေသည် နိုင်ငံ၏ယဉ်ကျေးမှုဖြစ်ပြီး အမျိုးသားစာပေမှာ နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်ဟု ဆိုနိုင်သည်။ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတစ်ဝန်းအေးချမ်းသာယာရေး၊ နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ရေးနှင့် အတွေးအခေါ်အယူအဆများ မှန်ကန်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားတိုင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေး၊ နိုင်ငံနှင့်လူမျိုးကို ပျက်စီးစေမည့်အဖျက်လုပ်ရပ်များကို ဆန့်ကျင်ရေးတို့ လိုအပ်လျက်ရှိရာ နိုင်ငံနှင့် ပြည်သူအကျိုးစီးပွားအတွက် စာပေပညာရှင်တို့၏ စာပေစွမ်းပကားဖြင့်မြှင့်တင်၍ စာပေတာဝန်ကျေပွန်ကြရပါမည့်အကြောင်း။ ။