တွေ့ဆုံမေးမြန်း လင်းရာမ
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့က ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုစာပေဆုရှင်တို့၏ ရင်တွင်းစကားသံအချို့ကို စုစည်းဖော်ပြလိုက်ရပါသည်-
ပါမောက္ခကိုကိုအောင် အမျိုးသားစာပေဆု သုတ(ရိုးရိုးသိပ္ပံ)
ကျွန်တော့်စာရေးသက်ကတော့ နှစ်ပေါင်း ၅၀ ကျော်ရှိပါပြီ။ သိပ္ပံနဲ့နည်းပညာတွေကို အခြေခံတဲ့ဆောင်းပါးတွေကိုသာ စိုက်လိုက်မတ်တတ်ရေးသားခဲ့ပါတယ်။ စာရေးသက်တစ်လျှောက်မှာ ဆောင်းပါးပေါင်း ၃၀၀၀ ကျော်ရေးသားခဲ့ပြီး စာအုပ် ၁၄ အုပ် ထုတ်ဝေခဲ့ပါတယ်။
MRTV၊ MITV၊ MWD၊ MRTV-4၊ mntv စတာတွေမှာ သိပ္ပံဆိုင်ရာ ရုပ်မြင်သံကြားအမေးအဖြေ အစီအစဉ်ပေါင်း ၄၀၀ ကျော်ကို ဖြေကြားရိုက်ကူးထုတ်လွှင့်ပေးခဲ့ပါတယ်။
မြန်မာ့အသံရေဒီယိုကနေလည်း “သိပ္ပံပညာသင့်ကမ္ဘာ” အစီအစဉ်ကနေ အပတ်စဉ်ပုံမှန်ဟောပြောပို့ချ ထုတ်လွှင့်ပေးနေပါတယ်။
လူအများစုက နျူကလီးယားဆိုတဲ့ဝေါဟာရကိုကြားရင် အဖျက်စွမ်းအားကြီး မားတဲ့လက်နက်ကြီးတွေကိုပဲ ပြေးပြီးမြင်ယောင်မိကြပါတယ်။
တကယ့်လက်တွေ့မှာတော့ နျူကလီးယားစွမ်းအင်နဲ့ နျူကလီးယားနည်းပညာဟာလူသားအားလုံးအတွက် လက်တစ်ကမ်းကနေပြီး ဘက်စုံထောင့်စုံကောင်းကျိုးပြုနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကုသမှုတွေမှာ နျူကလီးယားဆေးပညာက ထိပ်တန်းအဆင့်မှာ ရှိနေသလိုလူမှုဘဝဖွံ့ဖြိုးသာယာရေးအတွက် အဓိကလိုအပ်ချက်ကြီးတစ်ရပ်ဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပမာဏ အများအပြားကို ထုတ်လုပ်ပေးနိုင်တဲ့တစ်ခုတည်းသောနည်းပညာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အာကာသသုတေသနလုပ်ငန်းတွေ၊ အဏ္ဏဝါသုတေသနလုပ်ငန်းစတာတွေမှာလည်း နျူကလီးယားနည်းပညာကထိပ်တန်းအဆင့်မှာ ရှိနေတာဖြစ်ပါတယ်။
ဒါတွေကို စာဖတ်ပရိသတ်အားလုံးက သိလာမြင်လာစေချင်တဲ့ စိတ်စေတနာကြောင့် ဒီစာအုပ်ကို ရေးသားထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျွန်တော်က ဧည့်ပါမောက္ခအဖြစ်နဲ့ နျူကလီးယားရူပဗေဒကို သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ နျူကလီးယားစွမ်းအင်နှင့် လူသားအကျိုးပြုလုပ်ငန်းများ စာအုပ်ကို နိုင်ငံတော်က အခုလို အသိအမှတ်ပြုပြီး ဂုဏ်ပြုချီးမြှင့်တဲ့အတွက် အထူးပဲဝမ်းသာပီတိဖြစ်ရပါတယ်။ မြန်မာ့စာပေလောကကြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေပါစေလို့လည်း ဆုတောင်းပါတယ်။
နေဇင်လတ် အမျိုးသားစာပေဆု နိုင်ငံရေး
စာတွေကတော့ ပုံမှန်ရေးဖြစ်နေပါတယ်။ အင်တာဗျူးတချို့လည်းပေးဖြစ်ပါတယ်။ အထူးသဖြင့်တော့ မြဝတီနဲ့ အင်တာဗျူးတော့ပေးဖြစ်ပါတယ်။ စာအုပ်တွေက ရှေ့ပိုင်းမှာလည်း အုပ်ရေ ၁၀၀ ကျော်ထွက်ထားတော့ စာအုပ်ဖြစ်လာဖို့ သီးခြားကြိုးပမ်းရတာမျိုးတော့ မရှိပါဘူး။ အခုဆုရတဲ့ အတွေးအမြင်စာအုပ်က မြဝတီကို အင်တာဗျူးပေးတုန်းက ဖြေထားခဲ့တာနဲ့ ဖြည့်စွက်ရေးသားထားတာဖြစ်ပါတယ်။
စာပေခရီးကိုပြောရရင် ၁၉၇၂ ခုနှစ် မှာ စာစောင်တွေထဲစပြီးဖော်ပြခြင်းခံရပါတယ်။ တံခွန်၊ စက်မှုတက္ကသိုလ်မဂ္ဂဇင်း၊ သပြေမဂ္ဂဇင်းစသဖြင့်ပေါ့၊ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတပ်မတော်တာဝန် ထမ်းဆောင်စဉ်မှာ စာရေးတာပြတ်သွားပါတယ်။ ၁၉၉၂ ခုနှစ်မှာ အငြိမ်းစားယူပြီး ကုမ္ပဏီစတင်လုပ်တော့လည်း လုပ်ငန်းတည်တံ့အောင် လုပ်နေရသေးလို့ လက်ရေးစာမူနဲ့သာရေးပြီး မဂ္ဂဇင်း၊ စာစောင်တွေဆီမပို့ဖြစ်ပါဘူး။ စီးပွားရေးအထိုင်ကျသွားပြီး စိတ်ချရတဲ့အချိန် ၁၉၉၈ ခုနှစ် လောက်မှာ ပုလဲမြို့ပြမှာ လစဉ်ရေးဖြစ်သွားပါတယ်။
နောက်ပိုင်း ရွှေအမြုတေမှာ ရသစာပေ ၁၁ နှစ်ကျော်ရေးဖြစ်တယ်။ နောက်ပိုင်းမှာ မဂ္ဂဇင်း၊ စာစောင် ၄၀ လောက်မှာ သုတ၊ စီမံခန့်ခွဲရေးအကြောင်းရေးဖြစ်တယ်။ ၂၀၀၉ ခုနှစ်လောက်မှာ အယ်ဒီတာချုပ်တချို့ရဲ့ တိုက်တွန်းမှုကြောင့် မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးအကြောင်းကို စီမံခန့်ခွဲမှုနဲ့တွဲပြီးရေးဖြစ်သွားပါတယ်။ အဲဒီကာလတွေတုန်းက တစ်လကို အပုဒ် ၆၀ ကျော်လောက် ရေးခဲ့ရပါတယ်။ လက်ရှိမှာတော့ အရွယ်လည်းရလာပြီမို့ တစ်လကို ၁၀ ပုဒ်လောက်ပဲရေးပါတော့တယ်။ ထွက်ပြီးသွားတဲ့ စာအုပ်စုစု ပေါင်းက ၁၀၈ အုပ်ရှိပြီး သုတ၊ ရသ၊ စီးပွား၊ စီမံ၊ နိုင်ငံရး အပုဒ်ရေ ၂၆၀၀ လောက်ရှိသွားပါပြီ။
အရင်ကတော့ ပခုက္ကူဦးအုံးဖေဆု နှစ်ဆု၊ သုတစွယ်စုံဆု နှစ်ဆု၊ ရွှေအမြုတေဆုတစ်ဆု၊ မြဝတီဆုတစ်ဆု စုစုပေါင်း ခြောက်ဆုရဖူးပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံရေးနဲ့ မဟာဗျူဟာအရှေ့အကြောင်း ကြိုတင်သုံးသပ်ချက်ကို အရေးများပါတယ်။ စီးပွားရေး၊ စီမံခန့်ခွဲရေးနဲ့ ဘာသာရေးဆောင်းပါးတွေပဲ ဆက်ပြီးဦးစားပေးရေးသွားမယ်လို့ စဉ်းစားဖြစ်ပါတယ်။
လူငယ်တွေကို တိုက်တွန်းချင်တာက ဘယ်စာဖြစ်ဖြစ်ဖတ်စေချင်တယ်။ စာဖတ်များလာရင် အမှား၊ အမှန်ကို သိလာပြီး စာရွေးဖတ်တတ်လာပါမယ်။ စာများများ ဖတ်ရင်အသိမြင့်လာပါမယ်။ အနာဂတ်ကို မြင်လာပါမယ်၊ ကိုယ့်အတွက်အကျိုးများသလို နိုင်ငံနဲ့လူမျိုးအတွက်လည်း တစ်စုံတစ်ရာ ကောင်းကျိုးသယ်ပိုးနိုင်ကြပါလိမ့်မယ်။
မင်းအောင်မင်း အမျိုးသားစာပေဆု ဘာသာပြန်(သုတ)
ဆုရရှိတဲ့ မှေးမှိန်လာသော အမေရိကန်ရာစုနှစ် စာအုပ်ဖြစ်လာဖို့အတွက် အချိန်တစ်နှစ်လောက်ကြာပါတယ်။ မူရင်းစာရေးသူက ရှဲဒိုးအော့ဖ်အမေရိကန် စင်ကျူရီလို့ စာအုပ်ကို ခေါင်းစဉ်တပ်ထားပြီး အမေရိကန်အင်ပါယာအကျဘက်ကို ရောက်တော့မယ်လို့ သုံးသပ်ထားတာပါ။
ဒီနေရာမှာ မူရင်းစာရေးသူဟာ နယူးဂျာနယ်လစ်ဇင်နဲ့ ရေးထားတာဖြစ်လို့တချို့ဖြစ်ရပ်မှန်တွေ၊ စိတ်ကူးသုံးသပ်ချက်တွေကို ဖွဲ့နွဲ့ထားတာဖြစ်လို့ စာအုပ်က ရုပ်လုံးကြွနေပါတယ်။ တကယ်က အမေရိကန်အင်ပါယာဆိုပြီး ဘယ်လိုဖြစ်လာတယ်။ ဒီနေ့အချိန်အထိ ဘယ်လိုဖြတ်သန်းလာရတယ်ဆိုတာ ရှင်းပြနေတဲ့ ကမ္ဘာနဲ့လည်းဆိုင်တဲ့ ပထဝီနိုင်ငံရေးပါ။
ကျွန်တော့်စာပေလှုပ်ရှားမှုကို ပြောရရင် ဖက်ရှင်မဂ္ဂဇင်းနဲ့ အားကစားဂျာနယ် တစ်စောင်ကနေ စရေးသားပါတယ်။ အဲဒီနောက် သုတစွယ်စုံစာအုပ်တိုက်မှာအယ်ဒီတာလုပ်ဖြစ်သွားတော့ သတင်းဆောင်းပါးတွေ ပိုရေးဖြစ်လာပါတယ်။ တိုက်ကထုတ်တဲ့ ထွန်းတောက်ကြယ်အားကစားဂျာနယ်နဲ့ အား/ကာမဂ္ဂဇင်းကိုလည်း ကိုင်ခဲ့ရပါတယ်။ အဲဒီတိုက်က တိုက်ကြီးဖြစ်လို့ ပညာအများကြီးရခဲ့ပါတယ်။ အခုလို ဆုရတာ ဒေါက်တာ တင်ထွန်းဦးဆီက သင်ယူခဲ့တဲ့ ကျေးဇူးရှိသလို ကိုယ်ရေးတဲ့စာအုပ်တွေကို ထုတ်ဝေဖြန့်ချိပေးနေတဲ့ ယဉ်မျိုးစာပေတိုက်ကလည်း ကျေးဇူးရှိပါတယ်။ စာအုပ် စုစုပေါင်း ၃၀ ထွက်ခဲ့ပြီးပါပြီ။ ဆုက အခုမှရတာပါ။ ရေးလက်စနဲ့ ရေးပြီးသားစာအုပ် လေးငါးအုပ်ရှိနေပါတယ်။ ဘယ်စာအုပ်အရင်ထွက်မလဲ မသိပါဘူး။ ပြီးခဲ့တဲ့အောက်တိုဘာလက “ယူကရိန်းစစ်ပွဲနောက်ကွယ်” ဆိုတဲ့စာအုပ် ထွက်ထားပါတယ်။
စာပေဆိုတာ စိတ်ခွန်အားရစေတဲ့အတွက် စာဖတ်ဖို့လိုပါတယ်။ စာအစုံကို ဖတ်ရင်းနဲ့ အသိအမြင်ကျယ်လာပြီး အမှားတွေကို ရှောင်နိုင်ပါမယ်။ စာဖတ်ခြင်းကြောင့် မိမိကိုယ်တိုင်ရဲ့ ဘဝခရီးလမ်းကိုလည်း တော်တည့်မှန်ကန်စွာ လျှောက်လှမ်းနိုင်မှာပါလို့ ဆိုပါရစေ။
နေမျိုး အမျိုးသားစာပေဆု ရသစာတမ်း(အက်ဆေး)
စာရေးရတာကို ဝါသနာကြီးလို့ ၁၉၉၀ ပြည့်နှစ်မှာ စာမျက်နှာပေါ် စတင်ရောက်ရှိခဲ့ပါတယ်။ ဒေါက်တာတင်ကို အောင်ရဲ့ဟန်သစ်မဂ္ဂဇင်းမှာ မြင်ကွင်းကျယ်အချစ်ဝတ္ထု စတင်ရေးသားနိုင်ခဲ့ပြီး သံနဲ့လုပ်ထားတဲ့အိပ်မက်၊ မိစ္ဆာအနမ်း၊ ကြေးရုပ်မြို့တော် စတဲ့ဝတ္ထုတွေ ရေးဖြစ်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာပဲ အဝကျွန်းဦးချစ်မောင်ရဲ့ ရုပ်ရှင်တေး ကဗျာမဂ္ဂဇင်းမှာ ဆောင်းကိုခုတ်မောင်းခြင်းကဗျာ ဖော်ပြပါရှိလာပါတယ်။ ဟန်သစ်၊ သရဖူ၊ ရုပ်ရှင်တေးကဗျာ၊ ကလျာ စတဲ့မဂ္ဂဇင်းတွေနဲ့ ပေါ်ပြူလာ ဂျာနယ်မှာ ဝတ္ထုတို၊ ကဗျာနဲ့ အက်ဆေးတွေဆက်လက်ရေးသားနိုင်ခဲ့ပါတယ်။ အဖေရေ ဒီမှာထမင်းတွေဗျ၊ ပဲစေ့ကို သွန်ကောက်ခြင်း၊ သုညကို အကောင်ဖောက်ခြင်း စတဲ့ စာပေလက်ရာတွေကို ဆက်လက်ရေးသားခဲ့ပြီး တချို့ကို မြည်နေတဲ့ ထရမ်းပက်ဝတ်တိုင်ငယ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ အခုဆုရတဲ့စာအုပ်က မိုးဘိုင်စကုတ်ဖြစ်ပြီး အက်ဆေးစာအုပ်အဖြစ် ငါတို့စာပေမှ ထုတ်ဝေခဲ့ကာ ရသစာတမ်း (အက်ဆေး)ဆုအဖြစ် ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
အခုလို မိုးဘိုင်စကုတ်စာအုပ်က အမျိုးသားစာပေဆုချီးမြှင့်ခြင်းခံရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ အဖေနဲ့အမေ၊ ပြီးတော့ ဇနီးဖြစ်သူကိုလည်း အထူးသတိရမိပြီး ဝမ်းသာပီတိဖြစ်ရပါတယ်။ စာပေအလုပ်ကို တစိုက်မတ်မတ်လုပ်ပြီး ကြိုးစားအားထုတ်ခဲ့တာတွေဟာ သီးပွင့်ချိန်ကို ရောက်ခဲ့ပြီဖြစ်လို့ ကျေနပ်မိပါတယ်။ ဒေါင်ကျကျ ပြားကျကျ ကျွန်တော့်စာပေလက်ရာတွေကို မငြီးမငွေ့ဖတ်ရှုအားပေးနေကြတဲ့ စာဖတ်သူတွေအတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။
လူထုဒေါ်အမာ ဘာသာပြန်ဆိုထုတ်ဝေခဲ့တဲ့ အာဖရိကဝတ္ထုတိုများစာအုပ်ကို ၁၉၈၀ ပြည့်နှစ်များက ဖတ်ခဲ့ရစဉ်ကပင် မြန်မာဝတ္ထုနဲ့ စာပေလက်ရာတွေရဲ့တန်ဖိုးကို သတိပြုမိခဲ့ပါတယ်။ ရေမြင့်ရင် ကြာတင့်ပြီး ကောက်စိုက်အပြန် ရေကန်ကြီးက ကြာတစ်စည်းလောက် ချိုးခဲ့ကွယ်ဆိုတဲ့ ကဗျာလေးလို မြန်မာစာပေလက်ရာတွေကို မြတ်နိုးခုံမင်စွာ မျှော်လင့်မိပါတယ်ခင်ဗျာ။
စာရေးဆရာ နေမျိုးအား အဘဆိုင်း ဆရာကြီး ဦးစိန်တင်ဟန်- အမိ ဒေါ်စိန်တင်တို့က ၁၉၆၃ ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာလည်း နေမျိုးဖြစ်ပြီး မန္တလေးပန်တျာနှင့် ပန်းချီ ပန်းပုကျောင်းမှ လုပ်ငန်းပန်းချီအထူးပြုဖြင့် အောင်မြင်ခဲ့သည်။ စာပေနယ်ပယ်သို့ ၁၉၉၀ ပြည့်နှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး စာအုပ်အရေအတွက် အုပ်ရေ ၃၀ ခန့် ရေးသားထုတ်ဝေပြီးဖြစ်ကာ မန္တလေးတမ္ပဝတီကြေးသွန်းရပ်၌ နေထိုင်လျက်ရှိပြီး စာရေးခြင်း၊ ပန်းချီဆွဲခြင်းတို့ကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ။