Skip to main content

အရှိုချင်းအမျိုးသားပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၂၃

အရှိုချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။

အဆိုပါ ဟောပြောချက်စာမူအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

အခန်း(၁) ။ နိဒါန်း

အရှိုချင်းအမျိုးသားပါတီသည် ၂၀၁၂ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ထူထောင်ခွင့်ရရှိခဲ့သည်။ ယခုအခါ ပါတီ၏သက်တမ်း (၉)နှစ်ကာလအတွင်း ရောက်ရှိခဲ့ပြီးဖြစ်ကာ ပါတီ၏စည်းရုံးရေးနယ်မြေများ ဖြစ်ကြသည့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၁၉)ခုတွင် မြို့နယ်ပါတီရုံးများ၊ ကျေးရွာပါတီရုံးများဖွင့်လှစ်ပြီး လှုပ်ရှား စည်းရုံးလျက်ရှိပါသည်။

အရှိုချင်းအမျိုးသားပါတီသည် ပါတီစတင်တည်ထောင်ချိန်မှစ၍ ပါတီ တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အရွေးချယ်ခံရန် စည်းရုံးရေးလုပ်ငန်းများကိုပါ တစ်ပြိုင်နက်တည်း လုပ်ဆောင်လာခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့ ပါတီသည် ချင်းတိုင်းရင်းသားလူမျိုးအခြေပြု နိုင်ငံရေးပါတီတစ်ခုဖြစ်လင့် ကစား မိမိတို့နေထိုင်ရာဒေသ၊ မိမိတို့ပါဝင်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများ အတွင်းရှိ တိုင်းရင်းသားပြည်သူလူထုအားလုံးတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ရန် ဦးတည်ချက်အခိုင်အမာရှိထားပါသည်။ မြန်မာနိုင်ငံကို တိုင်းရင်းသားလူမျိုးတိုင်း တန်းတူအခွင့်အရေးရရှိပြီး ဒီမိုကရေစီကျင့်စဉ်တရားများ ရှင်သန် ထွန်းကားသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် တက်ကြွစွာပါဝင်ရန် ဦးတည်ချက်ထားရှိပါသည်။ ကျွန်ုပ်တို့ အရှိုချင်းအမျိုးသား ပါတီသည် ပြည်သူ့လွှတ်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်များ မှနေ၍ ဖော်ပြပါ ပါတီ၏ ဦးတည်ချက်များကို အကောင်အထည်ဖော်နိုင်ရေး အတွက် ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ရ ခြင်းဖြစ်ပါသည်။

အခန်း(၂)။ ရည်ရွယ်ချက်

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အရှိုချင်းအမျိုးသားပါတီ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း၏ ရည်ရွယ်ချက်များမှာ -

(က) ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင် ခြင်းဖြင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး တာဝန်များကိုရယူကာ ချင်း လူမျိုးများ၏လိုအပ်ချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးရန်။

(ခ) ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်များတွင် မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အတွင်း မှီတင်းနေထိုင်သောတိုင်းရင်းသား လုပ်သားပြည်သူအပေါင်းကို အလုပ်အကျွေးပြုနိုင်သည့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရန်။

(ဂ) ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် မိမိပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး ဒီမိုကရေစီစံနှုန်း များနှင့်ကိုက်ညီပြီး တိုင်းရင်းသားလူနည်းစုများ၏ တန်းတူအခွင့်အရေး ကို အာမခံသောဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင် ရန်။

(ဃ) ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် မိမိပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး နိုင်ငံတော်အာဏာ (၃)ရပ်ဖြစ်သော ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို တော်တည့်မှန်ကန်နေအောင် အပြန်အလှန်ထိန်းကျောင်း ပေးရန်တို့ဖြစ်ပါသည်။

အထက်ဖော်ပြပါရည်ရွယ်ချက်များကို အကောင်အထည်ဖော် လုပ်ဆောင် နိုင်ရန် အရှိုချင်းအမျိုးသားပါတီသည် ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက် ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည်ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင် ရာတွင် မကွေးတိုင်းဒေသကြီး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၁)ဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(၃)ဦးနှင့် ချင်းတိုင်းရင်း သားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း(၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(၂) ဦး၊ ရခိုင်ပြည်နယ်၌ ချင်း တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း (၁)ဦးတို့ဖြစ်ပါသည်။

အခန်း(၃)။ (က) ပါတီမူဝါဒနှင့်ရှေ့လုပ်ငန်းစဉ်များ

အရှိုချင်းအမျိုးသားပါတီ၏ အခြေခံမူဝါဒ(၃)ရပ်မှာ

(က) နိုင်ငံရေးတွင် ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေး

(ခ) စီးပွားရေးတွင် ဈေးကွက်စီးပွားရေးစနစ်ဖော်ဆောင်ကျင့်သုံးရေးနှင့်

(ဂ) တိုင်းရင်းသားလူမျိုးတိုင်း တန်းတူအခွင့်အရေးရရှိသည့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့ဖြစ်သည်။

မိမိတို့ အရှိုချင်းအမျိုးသားပါတီသည် ပြည်ထောင်စုအကျိုးအတွက် အခြားနိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သော သဘောထားအမြင် ထားရှိပါသည်။ နိုင်ငံရေးပါတီချင်း ဆက်ဆံရာတွင် ငါနှင့်မတူ ငါ့ရန်သူ ဟူသော သဘောထားမရှိဘဲ နိုင်ငံနှင့်လူမျိုးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် လွတ်လပ်၍တရားမျှတမှုရှိသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်ရေးလုပ်ငန်းများအတွက် လုပ်ကိုင်ဆောင်ရွက်နေကြသော လုပ်ဖော် ဆောင်ဖက်များဖြစ်သည်ဟူသော သဘောထားအမြင်ထားရှိပါသည်။

(ခ) နိုင်ငံရေး

ယနေ့မြန်မာနိုင်ငံသည် ပြည်သူလူထုက မဲပေးရွေးချယ်သော လွှတ်တော်(၃)ရပ်မှတစ်ဆင့် ဖွဲ့စည်းပေါ်ပေါက်လာသော အစိုးရအဖွဲ့အားဖြင့် စီမံအုပ်ချုပ်ကာ ဒီမိုကရေစီနိုင်ငံ့ အသွင်ဆောင်ယူထားသည်ကို တွေ့မြင်ရမည်ဖြစ် သော်ငြားလည်း ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်ဝသော နိုင်ငံအဖြစ်တည်ဆောက်ရန် များစွာလိုအပ်နေသေးသည်ဟု အရှိုချင်းအမျိုးသားပါတီက ရှုမြင်ပါသည်။ အဆိုပါလိုအပ်ချက်များ ပြည့်စုံလာအောင် ဖြည့်ဆည်းပေးရန် နိုင်ငံရေးပါတီများ နှင့် တိုင်းရင်းသားလုပ်သားပြည်သူအပေါင်းတို့က နိုင်ငံရေးအသိ၊ နိုင်ငံရေး ရင့်ကျက်မှုတို့ဖြင့် ပူးပေါင်းလုပ်ဆောင်ကြရမည်ဟု ကျွန်ုပ်တို့အရှိုချင်းအမျိုးသား ပါတီက ယုံကြည်ထားပါသည်။ အရှိုချင်းအမျိုးသားပါတီသည် ဤယုံကြည်ချက် အပေါ် ခိုင်မာစွာရပ်တည်လျက် လွှတ်တော်(၃)ရပ်တွင် ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုပုံစံ တည်ဆောက်ခြင်းသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအကြောင်း ညီညွတ်ရေး၊ ချစ်ကြည်ရေးနှင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးတို့အတွက် အဖြေဖြစ်သည်ဟု အရှိုချင်းအမျိုးသားပါတီ က ယုံကြည်သည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုး ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပလျက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လိုအပ် သလို ပြင်ဆင်ရေးသည် လက်တွေ့အလုပ်ဖြစ်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည် ဟု ကျွန်ုပ်တို့ပါတီက ရှုမြင်သုံးသပ်ပါသည်။

ထိုသို့သောယုံကြည်ချက်၊ ရှုမြင်သုံးသပ်ချက်၊ ခံယူချက်များဖြင့် ကျွန်ုပ်တို့ အရှိုချင်းအမျိုးသားပါတီသည် လွှတ်တော်(၃)ရပ်အတွင်း နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များနှင့်လက်တွဲ၍ လည်းကောင်း၊ လွှတ်တော်ပြင်ပ၌ ကျင်းပပြုလုပ်ရန်ရှိသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ၌ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များနှင့် လက်တွဲ၍လည်းကောင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှု လုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ပါသည်။

(ဂ) စီးပွားရေး

ကျွန်ုပ်တို့အရှိုချင်းအမျိုးသားပါတီ၏ စီးပွားရေးဆိုင်ရာ အခြေခံမူဝါဒမှာ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးရန်ဖြစ်သည်။ ဈေးကွက်စီးပွားရေးစနစ်ဖြစ်ထွန်း တည်ရှိရေးကို ဦးတည်သော အခြေခံအဆောက်အအုံများ၊ ဥပဒေများကို နိုင်ငံတကာအတွေ့အကြုံများနှင့် နမူနာကောင်းများအပေါ်အခြေခံ၍ လုပ်ဆောင် အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် လည်ပတ်နိုင်ခြင်းမရှိသေးမီ အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံတော်အစိုးရမှ နိုင်ငံ၏စီးပွားရေးဘဝကို တရားမျှတမှုရှိစေရန်နှင့် ဝရုန်းသုန်းကားမဖြစ်စေရန် အလို့ငှာ ဝင်ရောက်ထိန်းကျောင်းမှုပြုသင့်လျှင် ပြုရမည်ဖြစ်သည်။ နိုင်ငံသား အားလုံးတွင် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် လိုအပ်သောမတည် ရင်းနှီးငွေများကို ချေးငှားရယူသုံးစွဲနိုင်သော ဘဏ်စနစ်တည်ရှိအောင် နိုင်ငံတော် အစိုးရက စီမံဆောင်ရွက်ပေးရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ယနေ့အချိန်အခါတွင် စီးပွားရေးဖွံ့ဖြိုးမှု အလွန်နိမ့်ကျ နေဆဲဖြစ်သည့်အလျောက် စီးပွားရေးလုပ်ငန်းများ ကြီးထွားဖွံ့ဖြိုးမှုအလွန်အားနည်းလျက်ရှိပါသည်။ စီးပွားရေးလုပ်ငန်းအမျိုးအစားနှင့် အရွယ်အစားအမျိုးမျိုး ရှိသည့်အနက် မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်း ကြီးထွားဖွံ့ဖြိုးမှုအဆင့်အတန်း အရ လောလောဆယ်နှင့်ရှေးဦးစွာ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီး ပေးနိုင်သော စီးပွားရေးလုပ်ငန်းအမျိုးအစားများ တည်ထောင်လုပ်ကိုင်ရေးကို အားပေးအားမြှောက်ပြုရမည်ဟု ကျွန်ုပ်တို့အရှိုချင်းအမျိုးသားပါတီက ယုံကြည် သည်။ ပြည်တွင်း၌ နိုင်ငံသားများအား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်အောင် အားပေးအားမြှောက် ပြုသော်ငြားလည်း ငွေကြေးအရင်းအနှီးနည်းပါးခြင်း၊ လုပ်ငန်းစီမံခန့်ခွဲမှုအတတ်ပညာ ချို့ငဲ့ခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်တည်ထောင်လုပ်ကိုင်နိုင်ခြင်းမရှိသေးမီ ပြည်ပလုပ်ငန်းရှင် များ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံကာ စီးပွားရေးလုပ်ငန်းများ တည်ထောင် လုပ်ကိုင်နိုင်အောင် ဆွဲဆောင်ခွင့်ပြုရန်လိုအပ်သည်။ တစ်ချိန်တည်းတွင် မြန်မာ နိုင်ငံ၌ စီးပွားရေးလက်ဝါးကြီးအုပ်စိုးမှုမရှိအောင် ထိန်းကျောင်းပေးမည့်ဥပဒေ များ(Anti-trust Law) ပြဋ္ဌာန်းရမည်ဟု ကျွန်ုပ်တို့ အရှိုချင်းအမျိုးသားပါတီက ယုံကြည်သည်။

ကျွန်ုပ်တို့ အရှိုချင်းအမျိုးသားပါတီသည် ကောင်းမွန်မှန်ကန်သောမူဝါဒများ ကို ချမှတ်ပြီး စီမံခန့်ခွဲမှုကောင်းကောင်းဖြင့် အကောင်အထည်ဖော်နိုင်မည် (Good Policy, Good Management) ဆိုလျှင် မြန်မာနိုင်ငံသည် (၁၀)နှစ်မှ အနှစ် (၂၀)ကာလအတွင်း အရှေ့တောင်အာရှဒေသတွင် ဖွံ့ဖြိုးတိုးတက်မှုမြင့်မား သော နိုင်ငံတစ်နိုင်ငံဖြစ်လာမည်ဟု ကျွန်ုပ်တို့ အရှိုချင်းအမျိုးသားပါတီက ယုံကြည်သည်။

(ဃ) ပညာရေး

နိုင်ငံသားများ၏ပညာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ ကျသော အရာတစ်ခုဖြစ်သည်။ ပညာရေးစနစ် ခေတ်မီအဆင့်မြင့်ကောင်းမွန် နေမှသာ ကမ္ဘာ့နိုင်ငံများနှင့်ရင်ပေါင်တန်းနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးနိုင်သော ခေတ်မီ ပညာတတ်နိုင်ငံသားများ အစဉ်မွေးထုတ်ပေးနိုင် မည်ဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံ၏ ပညာရေးစနစ် ခေတ်မီအဆင့်မြင့် ကောင်းမွန် နေရေးအတွက် ပညာရေးကဏ္ဍတွင် နိုင်ငံတော်ဘဏ္ဍာငွေ ပိုမိုသုံးစွဲရန်လိုအပ်သည် ဟု ယုံကြည်သည်။

မြန်မာနိုင်ငံသားများ ကမ္ဘာ့နိုင်ငံများနှင့် ကူးသန်းရောင်းဝယ်မှုနှင့် စီးပွားရေး လုပ်ငန်းများအပါအဝင် နယ်ပယ်အသီးသီးတွင် ဆက်သွယ်လုပ်ကိုင်ရာ၌ အဆင်ပြေချောမွေ့စေရန် နိုင်ငံတကာ သုံးအင်္ဂလိပ်စာဘာသာရပ် သင်ကြား တတ်မြောက်ရေးအတွက် အခြေခံ မူလတန်းကျောင်းမှစ၍ အဆက်မပြတ် အလေးထား လေ့ကျင့်ပေးရမည်ဟု အရှိုချင်းအမျိုးသားပါတီက ရှုမြင်သည်။ တက္ကသိုလ်၊ ကောလိပ်အသီးသီးနှင့် အခြေခံပညာကျောင်းများမှ အရည် အချင်းပြည့်ဝသော ပညာတတ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရန် အရည်အချင်းပြည့်ဝသော တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းဆရာ၊ ဆရာမ များမွေးထုတ်ရေးသည်လည်း အရေး ကြီးသည်ဟုခံယူသည်။

မြန်မာနိုင်ငံသားများအား အသက်မွေးဝမ်းကျောင်းပြုရာတွင် အထောက် အကူရရှိစေသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို အတန်းပညာနှင့် ဉာဏ်ရည်ဉာဏ်သွေးအလိုက် သင်ကြားပေးနိုင်ရန် ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲ၍ စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်အောင် နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ရမည်။

(င) ကျန်းမာရေး

နိုင်ငံတော်မှ နိုင်ငံသားများအား ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်ရေး အတွက် ကျန်းမာရေးကဏ္ဍတွင် နိုင်ငံတော်ဘဏ္ဍာငွေပိုမိုသုံးစွဲရေးကို အရှိုချင်း အမျိုးသားပါတီက လွှတ်တော်တွင် အဆိုပြုတင်ပြမည်ဖြစ်သည်။ နိုင်ငံသား များ စိတ်နှလုံးချမ်းမြေ့စွာ ဆေးဝါးကုသမှုခံယူနိုင်ရေးနှင့် ငွေကြေးချို့ငဲ့သူများ ရောဂါဖြစ်လာလျှင် ဆေးဝါးကုသမှုမခံယူနိုင်မည်ကို စိုးရိမ်ကြောင့်ကြမှုမရှိ ရစေရန် ကျန်းမာရေးအာမခံစနစ်(Health Insurance Service) ကို ပီပြင်စွာ တည်ထောင်ရန် ကျွန်ုပ်တို့အရှိုချင်းအမျိုးသားပါတီက ကြိုးပမ်းဆောင်ရွက် မည်။ နိုင်ငံတော်၏ တစ်မျိုးသားလုံးဝင်ငွေနှင့် အခွန်အတုပ်များ တိုးတက် များပြားစွာ ရရှိမှုအပေါ်မူတည်၍ ပထမအဆင့်အနေဖြင့် အသက်(၇၀)နှင့်အထက် သက်ကြီးရွယ်အိုများအား အခမဲ့ဆေးဝါးကုသမှုပေးသည့်စနစ်ကို ကျင့်သုံးရန် လွှတ်တော်တွင် တင်ပြသွားမည်။

(စ) လယ်ယာမြေအသုံးချမှု

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံလူဦးရေ၏ (၈၀)ရာခိုင်နှုန်းသော တောင်သူလယ်သမားများအနေဖြင့် စိတ်နှလုံးချမ်းမြေ့စွာ လယ်ယာလုပ်ကိုင်စိုက်ပျိုးနိုင်ရေးနှင့် တောင်သူ လယ်သမားများ မြေပိုင်ဆိုင်ခွင့်ခိုင်မာမှုရရှိရေးအတွက် အစိုးရက အားပေး ကူညီမှု၊ ကာကွယ်စောင့်ရှောက်မှုပြုရမည်ဟု ကျွန်ုပ်တို့အရှိုချင်းအမျိုးသားပါတီက အလေးအနက်ယုံကြည်သည်။ ထိုသို့ယုံကြည်သည့်အလျောက် တောင်သူလယ်သမားများ ထွန်ယက်စိုက်ပျိုးနေသည့် လယ်ယာမြေများကို အကြောင်းအမျိုးမျိုးပြလျက် သိမ်းဆည်းနေမှုများကို ဦးစားပေးဖြေရှင်းရန် လွှတ်တော်တွင် တိုက်တွန်းဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတော်အတွင်းရှိ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်ပေးနေမှု များအပေါ် ပြန်လည်စိစစ်သုံးသပ်ရန်နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူများသည် အမှန်တကယ်လုပ်ငန်းများလုပ်ဆောင် ခြင်းရှိမရှိကို ထိရောက်စွာ ကြပ်မတ်အရေးယူမှုများပြုလုပ်ရန် လွှတ်တော်တွင် အဆိုပြုတိုက်တွန်းမည်။ အထူးသဖြင့် နိုင်ငံတော်မှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ယင်းနှင့်ဆက်နွှယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးလုပ်ငန်းရှင်များကို ခွင့်ပြုပေးလိုက် သောကြောင့် ဘိုးစဉ်ဘောင်ဆက် တောင်သူလယ်ယာလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းပြုခဲ့ကြသည့် ကျေးလက်ဒေသနေ တောင်သူလယ်သမားများ မြေမဲ့ယာမဲ့ဘဝရောက်ရှိ သွားခြင်းမျိုးမဖြစ်ရလေအောင် ကျွန်ုပ်တို့အရှိုချင်း အမျိုးသားပါတီက လွှတ်တော်တွင်တင်ပြဆွေးနွေးလုပ်ဆောင်သွားမည်ဖြစ်သည်။

အခန်း(၄)။ နိဂုံး

ကျွန်ုပ်တို့ အရှိုချင်းအမျိုးသားပါတီသည် အထက်ဖော်ပြပါ ရည်မှန်းချက်၊ ပါတီမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ အလေးပေးအကောင်အထည်ဖော်မည့် လုပ်ငန်းများကို လွှတ်တော်အတွင်းမှနေ၍ ဖော်ဆောင်သွားမည်ဖြစ်သည်။ မိမိတို့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၏ ပကတိအခြေ အနေမှန်များကို ကောင်းစွာရှုမြင်သုံးသပ်ပြီး အချိန်အခါအခြေအနေနှင့် လိုက်လျောညီထွေသော ဆွေးနွေးမှုများ၊ ထောက်ခံမှုများ၊ ကန့်ကွက်မှုများ၊ မေးခွန်းများကို ပါတီ၏အခြေခံမူဝါဒများအပေါ်အခြေခံလျက် ပြုမူပြောဆိုလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့အရှိုချင်းအမျိုးသားပါတီသည် “ပြည်သူ့အတွက်အင်အားသစ်” ဟူသော ပါတီ၏ဆောင်ပုဒ်နှင့်အညီ မြန်မာ နိုင်ငံပြည်သူလူထုက အားကိုးအားထားပြုရသော၊ ပြုနိုင်သော နိုင်ငံရေးပါတီ တစ်ခုအဖြစ် အစဉ်ထာဝရ ရပ်တည်နိုင်အောင် ကြိုးပမ်းအားထုတ် လုပ်ဆောင် သွားမည်ဟု သန္နိဋ္ဌာန်ချမှတ်ထားပါသည်။

ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ ငြိမ်းချမ်းသာယာသောနိုင်ငံဖြစ်အောင် ကောင်းမွန်မှန်ကန်သောမူဝါဒများဖြင့် အကောင်အထည်ဖော် လုပ်ဆောင်သွားရန် အရှိုချင်းအမျိုးသားပါတီက ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ကတိပေးပြောကြားအပ်ပါသည်။