Skip to main content

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၂၃

ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး စောကြည်လင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။

အဆိုပါ ဟောပြောတင်ပြချက်စာမူအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စကားချီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၏ မူဝါဒသဘောထား နှင့် လုပ်ငန်းစဉ်များကို ဟောပြောထုတ်လွှင့်ခွင့်ပြုပေးသော နိုင်ငံတော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာပြည်တစ်ဝန်းလုံး၌ မှီတင်း နေထိုင်ကြသော ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေရန်နှင့် အထူးသဖြင့် ကိုဗစ်(19)ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

နိဒါန်း

ကျွန်ုပ်တို့နေထိုင်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ရှေးအစဉ် အဆက်က ပဒေသရာဇ်စနစ်၊ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ ဆိုရှယ်လစ်စနစ် အမျိုးမျိုးတို့၏ ကျူးကျော်အုပ်စိုးလွှမ်းမိုးမှုကြောင့် လွတ်လပ်ခြင်း၊ မျှတခြင်း၊ ငြိမ်းချမ်း ခြင်းများကို နိုင်ငံသူ၊ နိုင်ငံသားများ လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။ ထိုစဉ်က တိုင်းရင်းသား အားလုံးတို့သည် စည်းလုံးညီညွတ်စွာဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက် ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် အသက်ပေါင်းများစွာ စတေးခဲ့ကြရပြီး အေဒီ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ ရောက်ရှိမှသာ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံတော်ကြီးဖြစ်လာကာ ကမ္ဘာ့အလယ်တွင် မားမားမတ်မတ် ရပ်တည် နိုင်ခဲ့ကြသည်။

လက်လွတ်ဆုံးရှုံး

လောကကမ္ဘာ၌ လူအချင်းချင်း ကိုယ်ချင်းစာတရားကိုအခြေခံပြီး ဘက်မလိုက် ခြင်း၊ မညှဉ်းဆဲခြင်း၊ အနိုင်မကျင့်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ကျူးကျော်ရန်စခြင်း၊ ခေါင်းပုံ ဖြတ်အမြတ်ထုတ်ခြင်းမရှိပါက ပဋိပက္ခဟူသည့် တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်စုနှင့်တစ်စု၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ပြုခြင်း၊ တိုက်ခိုက်ခြင်း ဖြစ်ပေါ်လာစရာ အကြောင်းမရှိပေ။ ပဋိပက္ခများကြောင့်သာ လောကလူသားများ လူမှုအခွင့်အရေးဆိုင်ရာ ခံစားခွင့်များ လက်လွတ်ဆုံးရှုံးခဲ့ကြရပေသည်။

ကြွေးကြော်ကြေညာ

ကျွန်ုပ်တို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီသည် လူသားများနှင့်ဆိုင်သော လူမှု အခွင့်အရေးများကို အလေးထားမည်။ မထီမဲ့မြင်မပြုရ၊ လူသားတို့၏ အကျင့်သိက္ခာကို တန်ဖိုးထား လေးစားလိုက်နာမည်။ ရက်စက်ကြမ်းကြုတ်ခြင်းမပြု၊ ငြိမ်းချမ်းသော နည်းလမ်းဖြင့် အဖြေရှာမည်။ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ အသက်မွေးမြူခွင့်ရှိရမည်။ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းကင်းရမည်။ တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသော ထာဝရ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရန် ကောင်းမွန်မြင့်မြတ်သောဆန္ဒဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဟု ရဲရင့်စွာ ထုတ်ဖော် ကြွေးကြော် ကြေညာလိုက်ပါသည်။

ရဲဝံ့စွာယှဉ်ပြိုင်

ကျွန်ုပ်တို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီသည် ညီညွတ်ရေးနှင့် တည်တံ့ခိုင်မြဲ ရေးတရားတို့ကို ဦးထိပ်ပန်ဆင်လျက် နိုင်ငံတော်ကြီး၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ဖြစ်ထွန်းတည်တံ့စေရန်အလို့ငှာ နိုင်ငံသားတိုင်း၏အခွင့်အရေးဖြစ်သော ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ဖော်ဆောင်နေခြင်းဖြစ်ပါသည်။ လွှတ်တော်အရပ်ရပ်တွင် ပါဝင်ခွင့်ရရှိမှသာ ထိရောက် သော တင်ပြတောင်းဆိုမှု၊ ဆွေးနွေးညှိနှိုင်းမှု၊ ပါဝင်ဆောင်ရွက်မှု ပြုနိုင်မည်ဖြစ်သော ကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရဲဝံ့စွာ ဝင်ရောက်ယှဉ်ပြိုင်နေခြင်း ဖြစ်ပါသည်။

အကြမ်းမဖက်ခြင်း

အကျွန်ုပ်တို့ပါတီသည်

(က) ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးမူဝါဒ

( ခ ) အချင်းချင်းပေါင်းသင်းဆက်ဆံရေးမူဝါဒနှင့်

( ဂ ) ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူဝါဒ စသည်တို့ဖြင့် ဦးတည်ချက် ချမှတ်တည်ထောင်ထားသော ပါတီတစ်ရပ်ဖြစ်ပါသည်။

ဤသည်မျှမကဘဲ အကြမ်းမဖက်သော အကြမ်းဖက်အုပ်ချုပ်မှုမရှိသော နိုင်ငံရေး မူဝါဒကို ကျင့်သုံးဆောက်တည်မည့် ပါတီကြီးဖြစ်ပါသည်။

အနစ်နာခံ

အကျွန်ုပ်တို့ပါတီသည် မညှဉ်းဆဲခြင်း(အဟိံသ)၊ အမှန်ကိုသာပြောဆိုခြင်း (သစ္စဘာသန)၊ မခိုးဝှက်ခြင်း (အထေယျ)၊ မြတ်သောအကျင့်ကျင့်ခြင်း(ဗြဟ္မစရိယ)၊ မိမိအတွက် မသိမ်းပိုက်ခြင်း(အပရိဂ္ဂဟ)တည်းဟူသော လူသားတို့၏ ကျင့်ဝတ်(၅)ဖြာ ကိုလည်း လေးစားလိုက်နာသော ပါတီကြီးဖြစ်သည်။ ကိုယ်ကျင့်သိက္ခာကို အဓိကထားပြီး မြင့်မြတ်တန်ဖိုးရှိသော လူမှုဘဝတည်ထောင်ရေးအတွက် လမ်းညွှန်ပြသော ပါတီတစ်ရပ် ဖြစ်သည်။

နိုင်ငံအတွက်၊ လူမျိုးအတွက်၊ အများပြည်သူအတွက် အနစ်နာခံနိုင်သူများအဖြစ် စုပေါင်း၍ ကြိုးစားအားထုတ်ဆောင်ရွက်မည့် ပါတီဖြစ်ပါသည်။

အခြေခံမူဝါဒများ

အကျွန်ုပ်တို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၏ အခြေခံမူဝါဒများမှာ အောက်တွင် ဖော်ပြပါအတိုင်းဖြစ်ပါသည် -

(၁) ကရင်အမျိုးသားတို့၏ ရိုးရာယဉ်ကျေးမှုနယ်ပယ်တွင် စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့နှင့် ထုံးတမ်းအစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်သွားမည်။

(၂) လွတ်လပ်မှုနှင့်သက်ဆိုင်သော အခွင့်အရေးများ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ရပိုင်ခွင့်များနှင့် ဒီမိုကရေစီအခွင့်အရေးများကို ကရင်အမျိုးသား အသိုင်း အဝိုင်းအတွင်း၌သာမကဘဲ မိမိနှင့်သက်ဆိုင်သော လူ့ဘောင်အသိုင်းအဝိုင်း တစ်ရပ်လုံး ရရှိခံစားနိုင်အောင် သက်ဝင်လှုပ်ရှား ကြိုးပမ်းဆောင်ရွက်မည်။

(၃) စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်ရာတွင် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုရှိရေး၊ သာတူညီမျှမှုရှိရေး၊ မှန်ကန်မှုနှင့် တရားမျှတမှုရှိရေး၊ ငြိမ်းချမ်းမှုရရှိရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်မည်။

(၄) ကရင်တစ်မျိုးသားလုံးနှင့် တိုင်းရင်းသားအားလုံးအတွက် လွတ်လပ်ပြီး ငြိမ်းချမ်းသာယာဝပြောသောဘဝကို ဖန်တီးနိုင်ရန် ကြီးနိုင်ငယ်ညှဉ်းမူဝါဒ ကို ဆန့်ကျင်ကန့်ကွက် တိုက်ဖျက်သွားမည်။

(၅) ကရင်တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် လူမှုဘဝသာယာဝပြောရေးအတွက် မည်သူ့ကိုမျှ မထိခိုက်စေဘဲ တရားဥပဒေနှင့်အညီ ကြိုးပမ်းဆောင်ရွက်သွား မည်။

(၆) ကရင်တစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် မူဝါဒများ၊ ပြုမူဆောင်ရွက်ချက်များကို တရားဥပဒေနှင့်အညီ အစွမ်းကုန် ခုခံကာကွယ် ဆောင်ရွက်မည်။

(၇) ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရာများ စသည်တို့ကို ခေတ်နှင့်အညီ တိုးတက်ဖွံ့ဖြိုးလာအောင် အားထုတ်ဆောင်ရွက်မည်။

ရည်မှန်းချက်

ယနေ့ခေတ်ကာလ၌ လူသားအဖွဲ့အစည်းအသီးသီးတွင် ကိုယ်ပိုင်အမြင်ရှိကြသည်။ ကိုယ်ပိုင်ခံယူချက်လည်း ရှိကြသည်။ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ခံယူချက်ဖြင့် အရာခပ်သိမ်း ကို ရှုမြင်သုံးသပ်တတ်ကြပေသည်။ ထိုသို့ ရှုမြင်သုံးသပ်ခြင်းသည် မွေးရာပါ လူ့အခွင့် အရေးပင်ဖြစ်ပါသည်။

ယနေ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့လူမှုအဖွဲ့အစည်းတိုင်းကို ကြည့်မည်ဆိုပါက အသိပညာခေါင်းပါးမှု၊ လောဘ၊ ဒေါသကြီးမားမှု၊ သဘာဝဘေး၊ ရောဂါဘေးထူပြောမှု များကြောင့် ကမ္ဘာ့လူသားများ ပင်ပန်းခက်ခဲစွာ လုပ်ကိုင်စားသောက် နေထိုင်ကြရပေသည်။ ထိုသို့ဖြစ်ရသည်မှာ မမှန်ကန်သောနိုင်ငံရေးမူဝါဒ၊ မမှန်ကန်သောဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ဖြစ်ရသည်ဆိုပါက ငြင်းဆန်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့်လည်း လူမှုအဖွဲ့အစည်းများ၌ ပဋိပက္ခနှင့်ပြဿနာများ ထူပြောလာခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် လူမှုအဖွဲ့အစည်း အတွင်း စည်းလုံးညီညွတ်မှုပြိုကွဲလာကာ ကျူးကျော်မှု၊ ရန်ပြုမှုများကြောင့် လူမှုရေး အဆောက်အအုံကြီးတစ်ခုလုံးအတွက် စိုးရိမ်ကြောင့်ကြစရာကြီး ဖြစ်လာပါသည်။

ထိုသို့မဖြစ်ရလေအောင် အကျွန်ုပ်တို့ပါတီကြီးက ပြည်ထောင်စုဖွားတိုင်းရင်းသား များနှင့်အတူ ကရင်အမျိုးသားတို့သည် တန်းတူညီမျှရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို အခြေခံပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ရည်မှန်းချက်ကြီးစွာထားရှိသော ပါတီကြီးဖြစ်ပါသည်။

ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီသည် ရည်ရွယ်ချက်(၁၅)ချက်ကို အခြေခံပြီး လုပ်ငန်း စဉ်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်-

(၁) ကရင်လူမျိုးတို့၏ အခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့် အညီ ပေါ်ပေါက်လာမည့် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဖော်ဆောင် သွားရန်။

(၂) ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသား များသာမက အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားတို့၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ ဖော်ဆောင်သွားရန်။

(၃) ကရင်အမျိုးသားတို့၏အရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သွားရန်။

(၄) ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ်ကိုအခြေခံပြီး တည်ထောင်ထားသော်လည်း မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများအထိ တိုးချဲ့ ဖွဲ့စည်းပြီး ကရင်တိုင်းရင်းသားတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်မည်။

(၅) ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားများအားလုံး အတူတကွ စည်းလုံးညီညွတ်စွာဖြင့် ကရင် အမျိုးသားတို့၏ အကျိုးစီးပွားအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် နည်းလမ်းရှာဖွေသွားမည်။

(၆) ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးနှင့် လူမှုရေးရာတို့ကို မိမိတို့ဆန္ဒသဘောထား အတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ကူညီစောင့်ရှောက်မည်။

(၇) အမုန်းမစွက် အကြမ်းမဖက်သော နိုင်ငံရေးမူဝါဒကို လက်ခံထားပြီး တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက်ရည်ရွယ်ကာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားမည်။

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၏ သဘောထားနှင့်နိဂုံး

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၏ သဘောထားအချက်အလက်များမှာ

(၁) လူသားတို့၏ အခွင့်အရေးကို လေးစားမည်။

(၂) အကြမ်းမဖက်ခြင်းတရား (အဟိံသ)၊ မှန်ကန်မှုတရား (Truth)၊ တရားမျှတခြင်း (Justice)တို့ကို လေးစားလိုက်နာမည်။

(၃) တရားမျှတသော မိတ်ဝတ်မပျက် ပူးပေါင်းဆောင်ရွက်ခြင်းမူနှင့် ကမ္ဘာ့ငြိမ်းချမ်း ရေးမူများကို လိုက်နာမည်။

(၄) မတရားမှုဟူသမျှကို ပြည်သူနှင့်အတူ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆန့်ကျင် တိုက်ဖျက်သွားမည်။

(၅) မြန်မာအမျိုးသားများ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို မပျောက်မပျက်အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းကို အားပေးကူညီမည်။

(၆) လူသားတိုင်း စိုးရိမ်ကြောက်ရွံ့ခြင်းမှ ကင်းဝေးအောင် မှန်ကန်မှု၊ အကြမ်း မဖက်မှု၊ တရားမျှတမှုများ ထွန်းကားလာအောင် ပြည်သူနှင့်အတူ ပူးပေါင်း ဆောင်ရွက်မည်။

(၇) မိမိတိုင်းပြည်အပေါ် မတရားကိုင်တွယ်ခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ ချယ်လှယ်ခြင်း၊ အခွင့်အာဏာသုံးခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းများ ပြုလာမှုဟူသမျှ မှ ကင်းဝေးစေရန် ပြည်သူများနှင့်အတူ အကြမ်းမဖက်သော နည်းလမ်းဖြင့် အောင်မြင်မှုရသည်အထိ ပူးပေါင်းဆောင်ရွက်သွားမည်။

(၈) ကြီးနိုင်ငယ်ညှဉ်း မပြုခြင်းကို လိုက်နာပြီး လူသားမဆန် သော ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှု၊ လူမှုပစ်ပယ်မှု များကို ရှောင်ရှားမည်။

(၉) အရာခပ်သိမ်းကို လေးစားမှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာ မှုဖြင့် ဆက်ဆံမည်။

(၁၀) မိမိတို့၏ အတွင်းစိတ်ရောင့်ရဲမှု ကို ကြံ့ခိုင်အောင်တည်ဆောက် ပြီး ဆင်ခြင်ခြင်း၊ သုံးသပ်ခြင်း၊ စူးစမ်းခြင်း၊ တွေးခေါ်ခြင်း၊ စွန့်စားခြင်းများကို (အသိ၊ ပညာ၊ သတ္တိ) သုံးမျိုးကို အသုံး ချ၍ လူမှုဆင်းရဲခြင်းမှ ကင်းဝေးအောင် ဆောင်ရွက်မည်။

(၁၁) ဖိနှိပ်ချုပ်ချယ်မှုကို အပင်ပန်းခံခြင်း၊ အနစ်နာခံခြင်း၊ စွန့်လွှတ်ခြင်းဖြင့် အောင်မြင်မှုရရှိအောင် ဆောင်ရွက်မည်။

(၁၂) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားများနှင့်အတူ ငြိမ်းချမ်းသာယာဝပြောရေး၊ စည်းလုံးညီညွတ်ရေး၊ တန်းတူညီမျှရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲအောင် အားထုတ်ဖော်ဆောင်သွားမည်။

(၁၃) အမျိုးသားအကျိုးစီးပွားကိုလည်းကောင်း၊ လူမျိုးကိုလည်းကောင်း ဖျက်ဆီး တိုက်ဖျက်ဝါးမြိုမည့် နိုင်ငံရေးမူဝါဒ၊ အန္တရာယ်ပေးမည့် အယူအဆနှင့် မှားယွင်းသော လုပ်ရပ်များကို ဥပဒေနှင့်အညီ ခုခံကာကွယ်ဆောင်ရွက် မည်။

(၁၄) တစ်မျိုးသားလုံး၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရာများကို ခေတ်နှင့် အညီ တိုးတက်ဖွံ့ဖြိုးလာအောင် အားထုတ်မည်။

(၁၅) ကိုယ်ကျိုးကို ရှေ့တန်းမတင်ဘဲ အများအကျိုးကို ဦးစားပေးကာ အမုန်း မစွက် အကြမ်းမဖက် ဘက်လိုက်မှုကင်းသော နိုင်ငံရေးမူဝါဒကို လက်ကိုင် ထားလျက် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး ကို တိုင်းရင်းသားညီနောင်များနှင့် အတူတကွ ပူးပေါင်းတည်ဆောက် သွားမည်ဟူသော နိုင်ငံရေးမူဝါဒများထားရှိလျက် သဘောထားကြီးစွာဖြင့် ကြိုးစားအားထုတ်ဆောင်ရွက်သွားပါမည်။

အကျွန်ုပ်တို့ပါတီသည်

(၁) ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော် ကော့မှူးမြို့နယ်မဲဆန္ဒနယ်၊

(၂) ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးလွှတ်တော် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်၊

(၃) မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ ပြည်သူ့လွှတ်တော်၊ ပျဉ်းမနားမြို့မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး မဲဆန္ဒရှင် ပြည်သူအားလုံးတို့ကို အသိပေး မိတ်ဆက်ပြုပါသည်။

လောက၌ မည်သည့်အကျိုးအာနိသင်များ၌မဆို လွတ်လပ်စွာခံစားခွင့်၊ လွတ်လပ် စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ သုံးစွဲပိုင်ခွင့်၊ လွတ်လပ် စွာ နေထိုင်လုပ်ကိုင်ခွင့်ဟူသော အခွင့်အရေးအတွက် မည်သည့်ဥပဒေမျှဖြင့်မဆန့်ကျင်ဘဲ (က)လွတ်လပ်ခြင်း၊ (ခ) ညီညွတ်ခြင်း၊ (ဂ) တရားမျှတခြင်းဟူသော ဒီမိုကရေစီတရားတော် မြတ်(၃)ပါးကို နှလုံးသွင်းလျက် လောကပါလတရား ပြည့်စုံထွန်းကားစေရန် အကျွန်ုပ်တို့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက တာဝန်ယူဆောင်ရွက်ပေးပါမည်ဟု အလေးအနက် ကတိပြုပါသည်။ ရဟန်းရှင်လူ ပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကြပါစေ။ ရောဂန္တရကပ်ဘေးမှ လွတ်မြောက်နိုင်ကြပါစေ။

ပြည်သူ့အတွက် ဖလုံ - စဝေါ်

- ကရင်အမျိုးသားများနှင့် ကရင်ပြည်နယ်သူ၊ ပြည်နယ်သားများ၏ စားဝတ်နေရေး အဆင်ပြေချောမွေ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးမှာ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီသာ ဖြစ်ပါကြောင်း။

- မိမိတို့၏ ကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးကြရမှာဖြစ်ပါကြောင်း၊ အာဏာသုံးရပ် ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ၊ တရားမျှတစွာ ခွဲဝေသုံးစွဲပါက ပြည်ထောင်စုတစ်ခုလုံး စည်းလုံးညီညွတ် ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည်ဖြစ်ပါကြောင်း။

- အကျွန်ုပ်တို့နိုင်ငံသည့် သယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး အဆိုပါ သဘာဝ သယံဇာတများကို တိုင်းရင်းသားများ ထိန်းသိမ်းစောင့်ရှောက်ကြပါကြောင်း။

- ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာသည့် သဘာဝသယံဇာတများ ကို တစ်ပါးသူက ခေါင်းပုံဖြတ်အမြတ်ထုတ်ပြီး လာရောက်ထုတ်ယူသုံးစွဲခြင်းကို လုံးဝ လက်မခံနိုင်ပါကြောင်း။

- လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟူသော ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာ အောင် ကူညီဆောင်ရွက်ပေးမည်မှာ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီသာ ဖြစ်ပါကြောင်း။

- မူးယစ်ဆေးဝါးကြောင့် လူငယ်များ မပျက်စီးရလေအောင် ပြည်သူတစ်ရပ်လုံးနှင့် ပူးပေါင်းကာကွယ်တိုက်ထုတ်ရမှာ ဖြစ်ပါကြောင်း။

- တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ မပျောက်မပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရမှာ ဖြစ်ကြောင်း။

- ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ခေတ်နှင့်အညီ ဖွံ့ဖြိုး တိုးတက်လာအောင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ကြိုးစားဆောင်ရွက်ပေးမည် မှာ အမှန်ပင်ဖြစ်ပါသောကြောင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီကို ဝန်းရံ ထောက်ခံသွားကြရမှာဖြစ်ပါကြောင်း အဓိပ္ပာယ်ပါရှိသည့် သီချင်းဖြစ်ပါသည်။