Skip to main content

ထားဝယ်တိုင်းရင်းသားများပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

 

နေပြည်တော် စက်တင်ဘာ ၂၃

 

ထားဝယ်တိုင်းရင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အေးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

တိုင်းရင်းသား ပြည်သူများခင်ဗျား

ပြည်ထောင်စု မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများနဲ့ ထားဝယ်တိုင်းရင်းသား၊ ထားဝယ်သူ ထားဝယ်သားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဦးစွာနှုတ်ခွန်းဆက်လိုက်ပါတယ်။

ကျွန်တော်ကတော့ ထားဝယ်တိုင်းရင်းသားများပါတီရဲ့ ဒုတိယဥက္ကဋ္ဌ မောင်မောင်အေး ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီဟာ ထားဝယ်တိုင်းရင်းသား၊ ထားဝယ်သူ ထားဝယ်သားတွေရဲ့ တူညီသောတရား၊ တူညီသော အခွင့်အရေး နဲ့ တူညီသောအဆင့်အတန်းအတွက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဒီလို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါတီကိုယ်စား ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီလို မတင်ပြခင်မှာ ကျွန်တော်များ ထားဝယ်တိုင်းရင်းသားများ ပါတီရဲ့ သမိုင်းကြောင်းကို အကျဉ်းချုပ်ရှင်းပြလိုပါတယ်။

ကျွန်တော်တို့ ထားဝယ်တိုင်းရင်းသားတွေ၊ ထားဝယ်သူ ထားဝယ်သား တွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေး စတင်လှုပ်ရှားစဉ်ကတည်းက ပါဝင်လာခဲ့ကြသူတွေပါ။ ဒီနောက်မှာတော့ ခေတ်အဆက်ဆက် အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ရေး၊ ဒီမိုကရေစီအရေးတို့မှာ အခြား တိုင်းရင်းသားတွေနဲ့ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဘယ်လောက်ထိလဲဆိုရင် ကိုယ့်လူမျိုးအရေး၊ ကိုယ့်ဒေသအရေးကို တောင် နောက်မှာထားပြီး တစ်တိုင်းပြည်လုံးအရေးကို ဦးစားပေးဆောင်ရွက် ခဲ့ကြသူတွေပါ။

ယခုလို ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီစနစ် တည်ဆောက်နေတဲ့ ကာလမှာ တစ်တိုင်းပြည်လုံးအရေးလည်း ဆောင်ရွက်ရပါမယ်၊ ကိုယ့် တိုင်းရင်းသား၊ ကိုယ့်ဒေသအရေးလည်း နောက်ကျမကျန်စေရဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၃ ခုနှစ်မှာ ထားဝယ်တိုင်းရင်းသားများပါတီကို စတင် ထူထောင်ခဲ့ပါတယ်။

တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်သည်သာ လျှင် အသင့်တော်ဆုံးပါ။ ဒါကြောင့် တစ်ဖက်မှာ ဒီမိုကရေစီစနစ် အုတ်မြစ်ချ စဉ်မှာပဲ အခြားတစ်ဖက်မှာလည်း တိုင်းရင်းသားတို့ တန်းတူညီမျှမှု၊ အဆင့် အတန်းတူညီမှုတို့ တစ်ပါတည်း တွဲပါလာရမှာဖြစ်ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာကတော့ ခေတ်အဆက်ဆက် မြန်မာ တစ်နိုင်ငံလုံးအတွက် အမြဲတစေ စဉ်းစားလုပ်ဆောင်ခဲ့တဲ့ ကျွန်တော်တို့ ဒေသသား၊ ကျွန်တော်တို့လူမျိုးတွေဟာ နောက်ကျကျန်နေခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးမှာ နောက်ကျတယ်၊ လူမျိုးဂုဏ်သိက္ခာအရလည်း တန်းတူ ရည်တူမရှိဘူး။ လူမှုစီးပွားရေးမှာလည်း အခက်အခဲတွေ ဖြစ်နေရပါတယ်။

ပထမဆုံး လူမှုစီးပွားရေးကိစ္စကို တင်ပြချင်ပါတယ်။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စီးပွားရေး ရေခံမြေခံကောင်းတွေ လိုပါတယ်။ လမ်း၊ တံတားလိုမျိုး အခြေခံအဆောက်အအုံတွေအပြင် လျှပ်စစ်မီးဟာ အလွန်ကို အရေးပါပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ထူထောင်လုပ်ကိုင်ဖို့ လျှပ်စစ်မီးဟာ မဖြစ်မနေ လိုအပ်ပါတယ်။

ဥပမာတစ်ခု တင်ပြပါ့မယ်။ ဒါကတော့ လျှပ်စစ်ဓာတ်အားကိစ္စပါ။ အခြား တိုင်းနဲ့ ပြည်နယ်တွေမှာ လျှပ်စစ်တစ်ယူနစ်ကို ၃၅ ကျပ် ဆိုပေမယ့် ကျွန်တော် တို့ ဒေသမှာ အနည်းဆုံးတစ်ယူနစ် ၂၀၀ ကျပ်ကနေ အချို့ကျေးရွာတွေမှာဆိုရင် ထောင်ချီပေးနေရတာမျိုးရှိပါတယ်။

အခုဆိုရင် ပွင့်လင်းလာတာနဲ့အမျှ ကျွန်တော်တို့ဒေသမှာ ခရီးသွားလုပ်ငန်း ကို အမှီပြုပြီး လုပ်ငန်းလုပ်ကိုင်သူများပြားလာပါတယ်။ ဒါပေမယ့် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေမှာ လျှပ်စစ်ဓာတ်အားခ တစ်လတစ်လကို သိန်းဆယ်ချီပြီး ပေးနေရလို့ လုပ်ငန်းလုပ်ကိုင်ရတာ အခက်အခဲ ဖြစ်နေကြပါတယ်။ အခုလိုမျိုး ခက်ခဲတဲ့ ကိုဗစ်ကပ်ဘေးကာလမှာဆိုရင် လုပ်ငန်းရပ်မသွားအောင် တော်တော်လေးကို ရုန်းကန်နေရတဲ့ အနေအထားရောက်နေပါတယ်။

ဒါကြောင့် အခုအချိန်မှာ ကျွန်တော်တို့က တစ်တိုင်းပြည်လုံး ပန်းတိုင် ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့လည်း လုပ်ရမယ်။ နောက်ပြီး ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအရေးလည်း တစ်ပြိုင်တည်း တွဲပါအောင် လုပ်ရပါမယ်။

ဒါကြောင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ဝင်ရောက် ယှဉ်ပြိုင်တဲ့အချိန်မှာ ရွေးချယ်ထားတဲ့ ဆောင်ပုဒ်က “ဒီမိုကရေစီလည်း ပန်းတိုင်ရောက်၊ ထားဝယ်တွေလည်း ခရီးပေါက်” ဆိုတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီလည်း ပန်းတိုင်ရောက်ရမယ်၊ ကျွန်တော် တို့ ထားဝယ်တိုင်းရင်းသားတွေ၊ ထားဝယ်သူ ထားဝယ်သားတွေရဲ့ အိပ်မက် အသီးသီးလည်း ခရီးပေါက်ရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသား ပြည်သူများ၊ ထားဝယ်သူ၊ ထားဝယ်သားများ ခင်ဗျား

အခုအချိန်မှာ ကျွန်တော်တို့ ညီညွတ်ဖို့ အချိန်တန်ပြီ။ မျက်နှာသစ်ဖို့ အချိန်တန်ပြီလို့လည်း ပြောကြားချင်ပါတယ်။

ကိုယ့်လူမျိုးအရေး၊ ကိုယ့်ဒေသအရေးကို ကိုယ်တိုင်အားစိုက် လုပ်မှရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထားဝယ်တွေ ပြောပြောနေကျ ဘွားရှင်မရူး စကား လိုပဲ ကိုယ်လိုကိုယ်လောက် ကိုယ်လောက်မှ ကိုယ်ရမယ်။

ဒီမိုကရေစီအရေးကိုလည်း တိုက်ပွဲဝင်ရင်း၊ ထားဝယ်အရေးကိုလည်း ချန်ခဲ့လို့မရပါဘူး။ ထားဝယ်တွေ ကျန်နေခဲ့လို့ မရပါဘူး။ ထပ်ပြောပါ့မယ်။ ကျွန်တော်တို့ ထားဝယ်တွေကျန်ခဲ့လို့ မရပါဘူး။

“ဒီမိုကရေစီလည်း ပန်းတိုင်ရောက်၊ ထားဝယ်တွေလည်း ခရီးပေါက်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ထားဝယ် တိုင်းရင်းသားများပါတီက ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီဟာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် တစ်ခုတည်းမှာသာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မဲဆန္ဒရှင်ပြည်သူများအနေနဲ့ မဲသုံးပြားမှာ ထားဝယ် တိုင်းရင်းသားများပါတီအတွက် မဲတစ်ပြားသာ ပေးဖို့လိုမှာ ဖြစ်ပါတယ်။ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်အတွက် မဲတစ်ပြားသာပေးဖို့လိုမှာ ဖြစ်ပါတယ်။

ထားဝယ်တိုင်းရင်းသားများ ပါတီ ကို တစ်မဲပေးရင်းနဲ့ ကိုယ့်ဒေသအရေး၊ ကိုယ့်လူမျိုးရေး ပိုပြီးလုပ်ဆောင်နိုင်ဖို့ လွှတ်တော်ထဲသို့ အရောက်ပို့ပေးဖို့ တောင်းဆိုလိုပါတယ်။

တို့ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ ထားဝယ်ပါတီကို မဲပေးကြပါစို့။ တို့လူမျိုး ဂုဏ်မြင့်ဖို့ ထားဝယ်ပါတီကို မဲပေးကြပါစို့ ... လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ထားဝယ်ပါတီကို မဲပေးကြမယ်

တို့ဒေသ၊ တို့ပါတီ တို့ယုံကြည်။

တို့ဒေသ၊ တို့ပါတီ တို့ယုံကြည်။

တို့ဘိုးဘွားလည်း ထားဝယ်၊ တို့မိဘလည်း ထားဝယ်၊ နန်လည်း ထားဝယ်၊ ငါလည်း ထားဝယ်။ ထားဝယ်ပါတီကို မဲပေးကြမယ်ကွယ်။

တို့ဘိုးဘွားလည်း ထားဝယ်၊ တို့မိဘလည်း ထားဝယ်၊ နန်လည်း ထားဝယ်၊ ငါလည်း ထားဝယ်။ ထားဝယ်ပါတီကို မဲပေးကြမယ်ကွယ်။

အိပ်မက်သစ်နဲ့ အားမာန်ဝင့်ချီ။ အနာဂတ်သစ်သို့ချီ။ ထားဝယ် တိုင်းရင်းသားများပါတီ၊ လာပြီလာပြီ။ ထားဝယ်သမိုင်းသစ် တစ်ဆစ်ချိုး ပြောင်းလဲစေဖို့၊ ငါတို့မျိုးဆက် ဂုဏ်မညှိုး တိုးတက်စေဖို့၊ တို့ထားဝယ်တွေ၊ တို့ထားဝယ်တွေ၊ နိုးထကြ၊ နိုးထကြဟေ့ . . . ၊

အတွေးသစ်နဲ့ အားမာန်ဝင့်ချီ။ သမိုင်းသစ်သို့ချီ။ ထားဝယ်တိုင်းရင်းသားများ ပါတီ လာပြီ၊ လာပြီ။

ထားဝယ်သမိုင်းသစ် တစ်ဆစ်ချိုး ပြောင်းလဲစေဖို့၊ ငါတို့မျိုးဆက် ဂုဏ်မညှိုး တိုးတက်စေဖို့၊ တို့ ထားဝယ်တွေ၊ တို့ ထားဝယ်တွေ၊ နိုးထကြ၊ နိုးထကြ ဟေ့ .. ၊

တို့ဘိုးဘွားလည်း ထားဝယ်၊ တို့မိဘလည်း ထားဝယ်၊ နန်လည်း ထားဝယ်၊ ငါလည်း ထားဝယ်၊ ထားဝယ်ပါတီကို မဲပေးကြမယ်ကွယ်။

တို့ဘိုးဘွားလည်း ထားဝယ်၊ တို့မိဘလည်း ထားဝယ်၊ နန်လည်း ထားဝယ်၊ ငါလည်း ထားဝယ်၊ ထားဝယ်ပါတီကို မဲပေးကြမယ်ကွယ်။

တို့ဒေသ၊ တို့ပါတီ တို့ယုံကြည်။

တို့ဒေသ၊ တို့ပါတီ တို့ယုံကြည်။

တို့ဒေသ၊ တို့ပါတီ တို့ယုံကြည်။

တို့ထားဝယ်သား၊ တို့ပါတီ တို့ယုံကြည်။

အမျိုးသားရေးအားမာန် ဂုဏ်ရောင်ထွန်းလင်းမည်

သခင်မျိုးဟေ့ တို့ထားဝယ် ဂုဏ်ဆောင်စေမည်။

ထားဝယ်ဒေသနဲ့ တိုင်းပြည်၊ ဒေသန္တရဥပဒေ ခိုင်မာစေဖို့ ရေးဆွဲမည်။

ဌာနေတိုင်းရင်းသားတို့ရဲ့ အခွင့်အရေးတွေ ရရှိရမည်၊ ထားဝယ်ပါတီ။

တို့မဲပေးမည်။

အမျိုးသားရေးအားမာန်များ ဂုဏ်ယူဝင့်ကြွားပြသမည်။

ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်မည်။

ရေမြေတောတောင်များ၊ ပင်လယ်မြစ်ချောင်း အလှအပများ။ ဒေသ ထွက်ကုန်များ စီမံနိုင်မည်။ မဲပေးကြစို့လား၊ စည်းလုံးကြစို့လား

ထားဝယ်ပါတီကို မဲပေးကြစို့လား။

ထားဝယ်စိတ်မာန်များ ဒင်္ဂါးသင်္ကေတ၊ ထားဝယ်ပါတီကို မဲပေးကြစို့လား။