Skip to main content

နိုင်ငံ့ဂုဏ်၊ နိုင်ငံ့အားမာန်များမြှင့်တင် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးပမ်းပြင်ဆင်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်တွင် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပတော့မည်ဖြစ်သည်။ ယခုအခါ အမျိုးသားအားကစားပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပြီးနောက် နေပြည်တော်သို့ ရောက်ရှိလာကြပြီး ဝန်ကြီးဌာနကိုယ်စားပြု အားကစားအဖွဲ့များနှင့်အတူ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုတင်ပြင်ဆင်လေ့ကျင့်နေကြပြီဖြစ်သည်။

အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့်အသင်းအဖွဲ့များ၊ အားကစားသမားများသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်၊ ဝန်ကြီးဌာနများအလိုက် ကျင်းပခဲ့သည့် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အောင်မြင်မှုများ ရရှိခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်အဆင့် အမျိုးသားအားကစားပြိုင်ပွဲကြီးသို့ ဆက်လက်တက်လှမ်းပြီး အောင်မြင်မှုများရရှိအောင် မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်းယှဉ်ပြိုင်ကြပြီး ပြည်တွင်းအောင်မြင်မှုများမှတစ်ဆင့် နိုင်ငံတကာအဆင့် အောင်မြင်မှုများရရှိအောင် ယှဉ်ပြိုင်ကြကာ နိုင်ငံ၏ဂုဏ်၊ နိုင်ငံ၏အားမာန်များ မြင့်မားတိုးတက်လာအောင် ကြိုးပမ်းစွမ်းဆောင်နေကြသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် အားကစားနည်း ၂၃ မျိုး ထည့်သွင်းထားပြီး အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း ၁၂၀၀၀ ခန့်၏ ကိုယ်စီကိုယ်စီ စိတ်ထားခံယူချက်များ တစ်သားတည်းရှိနေသည်။ အားကစားနည်းအလိုက် အောင်မြင်မှုများရရှိရေး၊ ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲဝင်အားကစားသမားများအားလုံး မလျှော့သောဇွဲ၊ လုံ့လဖြင့် ရေကုန်ရေခန်း ပါဝင်ယှဉ်ပြိုင်ရေး၊ အားကစားမှတစ်ဆင့် တစ်မျိုးသားလုံး စိတ်ဓာတ်ခွန်အားမြင့်မားလာစေရေး၊ အားကစားအောင်မြင်မှုများမှ နိုင်ငံ့ဂုဏ်နှင့် လူမျိုးဂုဏ် မြင့်မားတိုးတက်လာစေရေးဟူသည့် ခံယူချက်များ ကိုယ်စီရှိနေသည်။

အမျိုးသားအားကစားပြိုင်ပွဲသည် တစ်မျိုးသားလုံး ပါဝင်အားပေးဆင်နွှဲသည့် နိုင်ငံတော်အဆင့် ပွဲတော်တစ်ခုဖြစ်သည်။ အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နှစ်အလိုက်ကျင်းပသော ပြိုင်ပွဲမျိုးမဟုတ်ဘဲ အခြေအနေအချိန်အခါအရ အလျဉ်းသင့်သလို ကျင်းပသောပွဲဖြစ်၍ ကြုံကြိုက်ခဲပေသည်။ ပထမအကြိမ်ပွဲတော်တွင် အားကစားနည်း ၂၂ နည်း၊ ပြိုင်ပွဲဝင်အသင်း ၇၂ သင်း၊ အားကစားသမား ၁၀၁၂၉ ဦး ယှဉ်ပြိုင်ခဲ့သည်။ ဒုတိယအကြိမ်ပွဲတော်တွင် အားကစားနည်း ၂၄ နည်း၊ အသင်းပေါင်း ၄၀၊ အားကစားသမား ၈၇၀၄ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ တတိယအကြိမ်ပွဲတော်တွင် အားကစားနည်း ၂၉ နည်း၊ အသင်း ၅၅ သင်း၊ အားကစားသမား ၁၁၃၇၅ ဦး ယှဉ်ပြိုင်ခဲ့ကြသည်။ စတုတ္ထအကြိမ်ပွဲတော်တွင် အားကစားနည်း ၂၇ နည်း၊ အသင်း ၁၅ သင်းနှင့် အားကစားသမား ၄၃၆၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သည် အားကစားနည်းအရေအတွက် လျော့နည်းသော်လည်း ပြိုင်ပွဲဝင်အားကစားသမား အများဆုံးပါဝင်ယှဉ်ပြိုင်ကြသဖြင့် အားကစားကဏ္ဍတွင် စိတ်ပါဝင်စားမှုနှင့် မြှင့်တင်အားပေးမှုတွင် တိုးတက်မြင့်မားလာသည်မှာ ထင်ရှားပေသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်အဆင့် အားကစားပွဲတော်ကြီးဖြစ်သည်နှင့်အညီ နိုင်ငံတကာအဆင့်မီ ခမ်းနားထည်ဝါစွာ ပြင်ဆင်ဆောင်ရွက်ထားသကဲ့သို့ အားကစားပွဲတော်ကြီးသို့ ကိုယ်တိုင်လာရောက် အားပေးဆင်နွှဲနိုင်ရေး၊ တစ်နိုင်ငံလုံးမှ ပြည်သူများနှင့် နိုင်ငံတကာမှ ကြည့်ရှုအားပေးနိုင်ရန်အတွက် တီဗွီဖန်သားပြင်အသီးသီးမှ ကြည့်ရှုအားပေးနိုင်ရေးကိုပါ စီစဉ်ထားသည်။ အားကစားသမားများ၏ လိုအပ်ချက်မှန်သမျှကို လိုလေသေးမရှိအောင် စီစဉ်ဆောင်ရွက်ပေးထားသဖြင့် ငွေကုန်ကြေးကျအမြောက်အမြားအကုန်ခံထား သောပွဲတော်ကြီးဖြစ်သည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်နှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးသည် နိုင်ငံတော်အဆင့် အားကစားပွဲတော်ကြီးဖြစ်သည်နှင့်အညီ အားကစားပွဲတော်ကြီး ခမ်းနားထည်ဝါ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးနှင့် အမျိုးသားအားကစားပွဲတော်ကြီးမှတစ်ဆင့် နိုင်ငံတော်၏ဂုဏ်၊ လူမျိုး၏ဂုဏ်တို့ကို မြှင့်တင်ပေးနိုင်ရေးအတွက် အားကစားသမားများနှင့်အတူ တစ်မျိုးသားလုံး နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။