မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင်သောင်းကျန်းမှုများမှအစပြု၍ မငြိမ်းချမ်းသောအခြေအနေများနှင့် ကြုံတွေ့လာရသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်သည်။ ခေတ်အဆက်ဆက် အစိုးရများက ပြည်တွင်းငြိမ်းချမ်းရေးကို နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း လူမျိုးစွဲ၊ ဝါဒစွဲ၊ မာနစွဲ၊ အတ္တစွဲများကြောင့် ငြိမ်းချမ်းရေးသည် ရောင်နီသန်းလိုက်၊ ပျောက်ကွယ်လိုက်ဖြင့် အလှမ်းဝေးနေသည်မှာ တိုင်းပြည်အတွက် နစ်နာလှသည်။
“နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါသည်။ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့် တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။ ယုံကြည်မှုအပေါ် အခြေခံသောဆက်ဆံရေးသည် စိန်ခေါ်မှုများစွာကို အတူတကွ ဖြေရှင်းနိုင်ပြီး အဆုံး၌ ပိုမိုသဟဇာတရှိသော အတူတကွယှဉ်တွဲနေထိုင်ရေးကို ဦးတည်စေကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ထွန်းစေပါသည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ငြိမ်းချမ်းရေးသည် ‘လာချင်လျှင် အနီးလေး၊ မလာချင်လျှင် ခရီးဝေး’ ဟု မြန်မာတို့ဆိုကြသည့်အတိုင်း ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသည့် စိတ်ဓာတ်ပြင်းပြမှုအခြေအနေနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် ခရီးဝေးနေသေးသည်ဟု ဆိုချင်ပါသည်။ မငြိမ်းချမ်းသောအခြေအနေများကြောင့် ပြည်သူများအားလုံး စိုးရိမ်ကြောင့်ကြပူပန်မှုများစွာဖြင့် နေထိုင်ကြရသည့်အခြေအနေများကို အားလုံးသိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာကာ မိမိဒေသ၊ မိမိလူမျိုးကောင်းကျိုးကို ဆောင်ကြဉ်းပေးကြရမည်ဖြစ်သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းနေမည်ဆိုပါက လွတ်လပ်သောနိုင်ငံတွင် နေထိုင်ရသော်လည်း မငြိမ်းချမ်းသောဘဝတွင် ဆင်းရဲစွာနေထိုင်ရသည့်ဘဝအခြေအနေမျိုး ရောက်နေမည်။ လွတ်လပ်သောနိုင်ငံဖြစ်သော်လည်း မရေရာသောဘဝများတွင် နေထိုင်ရသည့်အဖြစ်မျိုးသို့မရောက်အောင် အားလုံးတွင် တာဝန်ရှိပေသည်။ နောင်မျိုးဆက်များကို ငြိမ်းချမ်းသောဘဝများတွင် အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရေး သမိုင်းတွင်ရစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အန္တရာယ်မဖြစ်အောင် သတိမူကြရမည်ဖြစ်သည်။
တပ်မတော်သည် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းကို အကြိမ်ကြိမ်ဆောင်ရွက်ပေးခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည်။ NCA စာချုပ်သည် ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်သည့်စာချုပ်ဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး လေးစားလိုက်နာရန်လိုသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှ ရရှိလာသည့် သဘောထားမှတ်ချက်များကို နောင်ပေါ်ပေါက်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့သည်။
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းအားထုတ်လျက်ရှိသည်။ ယခုအချိန်သည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအချင်းချင်း ယုံမှားသံသယကင်းရှင်းပြီး မလိုလားအပ်သည့် အယူဝါဒများ ပယ်ဖျောက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်လေးစားချစ်ခင်မှုများနှင့် ပါဝင်လက်တွဲ၍ ထာဝရငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်ကြရမည့် အချိန်အခါဖြစ်သည်။
သို့ဖြစ်ရာ ကမ္ဘာပေါ်တွင် နှစ်ပေါင်းအရှည်ကြာဆုံး မငြိမ်းချမ်းသည့်နိုင်ငံဖြစ်ပေါ်နေသည်မှာ ဂုဏ်ယူစရာမဟုတ်ပေ။ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအတွက် စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည်ကို ဆင်ခြင်ပြီး သဟဇာတဖြစ်သည့် ယုံကြည်မှုအပေါ် အခြေခံကာ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်လေးစားမှုဖြင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်မည်ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ဖြင့် ဂုဏ်ယူဖွယ်ရာကောင်းသည့် အေးချမ်းသာယာဝပြောသော ပြည်ထောင်စုကြီးပေါ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။