Skip to main content

တည်ငြိမ်အေးချမ်းမှုနှင့် ဒေသဖွံ့ဖြိုးမှု ဖျက်ဆီးနှောင့်ယှက်သူများကို တားဆီး

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းမှုနှင့် စီးပွားရေးကောင်းမွန်မှုသည် အရေးကြီးသည်။ တည်ငြိမ်အေးချမ်းမှုမရှိပါက ဒေသဖွံ့ဖြိုးမှုကို ထိရောက်စွာမလုပ်နိုင်။ ဒေသဖွံ့ဖြိုးတိုးတက်မှုရှိသော်လည်း တည်ငြိမ်အေးချမ်းမှုမရှိသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုသည် အချည်းနှီးဖြစ်နိုင်။ စီးပွားရေးကောင်းမွန်ပါသော်လည်း ပြန်လည်ထူထောင်ရေးကို အကြိမ်ကြိမ်ပြုလုပ်နေရသဖြင့် ရှေ့သို့မတက်လှမ်းနိုင်စသည့် အဟန့်အတားများကို ပြည်သူလူထုနှင့်အတူလက်တွဲ၍ ကျော်လွှားသွားကြရမည်ဖြစ်သည်။

 ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးကိုးခုရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ၏သမိုင်းတွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ထိခိုက်ဆုံးရှုံးပျက်စီးမှုများ အဆိုးရွားဆုံးဖြစ်ခဲ့သည်။ သဘာဝဘေးကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်သေဆုံးပျက်စီးမှုများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထိုက်သင့်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သည့်နှစ်ကလည်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သော မြို့ရွာများကို ပြန်လည်ထူထောင် ပေးခဲ့ပြီးဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကြောင့်မဟုတ်ဘဲ လူတို့၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် နိုင်ငံတော်အတွင်း အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များသာမက လမ်း၊ တံတားများ၊ စာသင်ကျောင်းများနှင့် အခြေခံအဆောက်အအုံများ ကြီးမားစွာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဆောက်အအုံများ၊ လမ်း၊ တံတားများကို ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် မိုက်လုံးကြီးစွာဖျက်ဆီးလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများနှင့် မိုက်လုံးကြီးသူတို့၏ ဖျက်ဆီးမှုများကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်နေရသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာ ရှေ့သို့မတိုးနိုင်ဘဲဖြစ်နေ သည်။

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သုံးစွဲရမည့်ငွေကြေးများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲကုန်ကျနေခြင်းသည် နိုင်ငံတော်အတွက် များစွာထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအားကောင်းလာစေရန်အတွက် အဟန့်အတားများဖြစ်စေလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်ဟူသည် ရှောင်သွေခြင်းပြုလုပ်၍မရနိုင်သော်လည်း လူတို့၏အဖျက်အန္တရာယ်ကို စုစည်းညီညွတ်သောအင်အားဖြင့် ကျော်လွှားဖယ်ရှားနိုင်ပါသည်။ အကယ်၍ ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများကို လျော့နည်းစွာဆောင်ရွက်ရပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးရှေ့ခရီးမှာ များစွာတိုးတက်ဖြစ်ထွန်းနေပြီဖြစ်သည်။

အကြမ်းဖက်အဖျက်လုပ်ရပ်များ လုပ်ဆောင်နေကြခြင်းသည် ပြည်ပမှ သွေးထိုးမြှောက်ပင့်ပေးမှုများနှင့် အသိပညာ၊ အတတ်ပညာအားနည်းခြင်း၊ ဝေဖန်ပိုင်းခြား နိုင်မှုအားနည်းခြင်းတို့ကြောင့်ဖြစ်သည်။ ပညာရေးအားနည်းသည့်ဒေသများတွင် အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများ ပိုမိုဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် အနာဂတ်ကာလတွင် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို ပုံဖော်ပေးနိုင်ရေးအတွက် ပညာရေးကို အားပေးမြှင့်တင် ဆောင်ရွက်နေခြင်းဖြစ်သည်။ အတန်းပညာရှိမှသာ အတတ်ပညာများရရှိမည်ဖြစ်ပြီး ကောင်းမွန်သည့် စဉ်းစားတွေးခေါ်မှုများ ရရှိလာမည်ဖြစ်သည်။ မိမိတို့ လူမှုစီးပွားတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိရောက်စွာဖြင့် ဝိုင်းဝန်းလက်တွဲလုပ်ဆောင်နိုင်မည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှုရှိသဖြင့် နိုင်ငံတော်အနေဖြင့် ဒေသဖွံ့ဖြိုးမှုကို ထိရောက်စွာ ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ “နိုင်ငံတစ်ခု၊ ဒေသတစ်ခု၌ ပဋိပက္ခကိုဖြစ်ပေါ်လာအောင် ဖန်တီးသည်မှာ ၎င်းဒေသနှင့် နိုင်ငံတို့တွင် နေထိုင်ကြသူများပင်ဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများ၏ သွေးဆောင်မြှောက်ပင့်မှုများကြောင့်လည်းဖြစ်ကြောင်း၊ အလားတူ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက်လည်း ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထို့ကြောင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံများ၏ လုံခြုံရေးကို ဖျက်ဆီးနေသည့် ဒေသတွင်းနေထိုင်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့နည်းပပျောက်စေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဒေသခံပြည်သူများနှင့်ပူးပေါင်းလက်တွဲပြီး ဝိုင်းဝန်းတားဆီးဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းမှု ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာလုပ်ဆောင်နိုင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း။ ။