Skip to main content

မီးခိုးမြူငွေ့အန္တရာယ် ပြည်သူအားလုံး ပူးပေါင်းကာကွယ်

ကမ္ဘာ့လူသားအားလုံး၏ ၉၂ ရာခိုင်နှုန်းခန့်သည် သန့်ရှင်းသောလေကို ရှူခွင့်မရကြဟု ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (ယူအင်န်အီးပီ) ကဆိုသည်။ ညစ်ညမ်းသောလေကို ရှူရှိုက်နေကြရခြင်းကြောင့် အကြမ်းဖျင်းအားဖြင့် နှစ်စဉ် လူခုနစ်သန်းခန့် အချိန်မတိုင်မီ သေဆုံးနေကြရာ အသက်ငါးနှစ်အောက် ကလေးများသေဆုံးမှုက ပိုမိုများပြားသည်။ မိုးအကုန် ပွင့်လင်းရာသီသို့ ရောက်သည့်အခါတိုင်း တောမီးလောင်ခြင်း၊ စိုက်ပျိုးရေးအတွက် မီးရှို့ခြင်းတို့ကြောင့် အရှေ့တောင်အာရှနိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များဖြစ်ပေါ်လေ့ရှိရာ ဒေသခံပြည်သူများအပေါ် ကျန်းမာရေးအန္တရာယ်များ ကျရောက်စေခြင်းကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များ ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများ ကြိုးပမ်းဆောင်ရွက်နေကြရသည်။

နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ (Transboundary Smoke) သည် တောင်ယာမီးရှို့ခြင်း၊ တောမီးရှို့ခြင်း၊ တောမီးလောင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ မီးခိုးမြူငွေ့တွင် အလွန်သေးငယ်သည့် အမှုန်အမွှား Particul ate Matter (PM 2.5 နှင့် PM 10)၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ အိုဇုန်း၊ ရေငွေ့နှင့် အခြားအဆိပ်အတောက်ဓာတ်ငွေ့များ ရောနှောပါဝင်နေသည်။ လေထုထဲတွင် မီးခိုးမြူငွေ့များနှင့် ပြာမှုန်များ ဖုံးလွှမ်းကျဆင်းမှု အချိန်ကြာမြင့်စွာဖြစ်ပေါ်နေပါက မျက်စိစပ်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ ဖြစ်ပေါ်ခြင်းတို့အပါအဝင် ကျန်းမာရေးဆိုင်ရာပြဿနာများ ဆိုးဆိုးရွားရွား ဖြစ်ပွားစေနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေထုအရည်အသွေးအညွှန်းကိန်းသတ်မှတ်ချက်အရ Air Quality index ၀ မှ ၅၀ အထိ ကောင်းမွန်သည့်အဆင့်၊ ၅၁ မှ ၁၀၀ အထိ လက်ခံနိုင်သည့်အဆင့် (အဝါရောင်)၊ ၁၀၁ မှ ၁၅၀ အထိ ကိုယ်ခံအားနည်းသူများ၊ အဆုတ်ရောင်ရောဂါရှိသူများ၊ ကလေးနှင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးထိခိုက်နိုင်သည့်အဆင့် (လိမ္မော်ရောင်)၊ ၁၅၁ မှ ၂၀၀ အထိ လူတိုင်းထိခိုက်နိုင်သည့်အဆင့် (အနီရောင်)၊ ၂၀၁ မှ ၃၀၀ အထိ အလွန်ဆိုးရွားသည့်အဆင့် (ခရမ်းရောင်) နှင့် ၃၀၁ မှ ၅၀၀ အထိ ဘေးအန္တရာယ်ကျရောက်သည့်အဆင့် (နီညိုရောင်)ဟူ၍ အရောင်များဖြင့် အဆင့်ဆင့် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution) ကို ၂၀၀၃ ခုနှစ် မတ် ၅ ရက် တွင် သဘောတူလက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ရာ တောမီးလောင်ခြင်းနှင့် အခြားအကြောင်းကြောင်းသောမီးတို့ကြောင့် ထွက်ပေါ်လာသော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာများကို ထိန်းချုပ်လျှော့ချရန် တာဝန်ရှိသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် မြူကင်းစင်သောကောင်းကင် (Clear Sky Strategy) မဟာဗျူဟာဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက် ထုတ်ပြန်ကြေညာခြင်းအခမ်းအနားတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်သွားရမည်ဖြစ်ရာ တောမီးလောင်မှုထိန်းချုပ်ရေးနှင့် မီးငြှိမ်းသတ်ရေးစနစ်၊ စောင့်ကြည့်ရေးစနစ်၊ စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုစနစ်၊ ဥပဒေများပြဋ္ဌာန်းခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ လိုက်နာဆောင်ရွက်ခြင်းတို့ကို နိုင်ငံတကာဥပဒေများ၊ သက်ဆိုင်ရာပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက် ရမည်ဟု သိရသည်။

ပွင့်လင်းရာသီကာလ ခြောက်သွေ့လာသည်နှင့်အမျှ တောမီးလောင်ကျွမ်းမှုများ မဖြစ်ပေါ်စေရေး၊ တောင်ယာမီးရှို့မှု၊ လယ်ယာသုံးစွန့်ပစ်ပစ္စည်းများ မီးရှို့မှု၊ လဟာပြင်တွင် မီးရှို့မှုများ မပြုလုပ်ကြရန် ပညာပေးနှိုးဆော်မှုများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပညာပေးမှုများကို သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက မြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိရာ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးတွင် ပြည်သူတစ်ဦးချင်းစီက အသိတရားဖြင့် ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။