မြန်မာနိုင်ငံသည် သယံဇာတပစ္စည်းများ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သဘာဝသယံဇာတပစ္စည်းများ အလျှံပယ် ထွက်ရှိလျက်ရှိသည်။ မြန်မာနိုင်ငံသည် မြောက်ဘက်တောင်ကုန်းဒေသ၊ အရှေ့ဘက် တောင်ကုန်းနှင့် ကုန်းပြင်မြင့်များ၊ တနင်္သာရီတောင်တန်းဒေသတို့သည် သက်ရင့် ကျောက်များဖြင့် တည်ဆောက်ဖွဲ့စည်းထားသောကြောင့် ထိုဒေသများ၌ ကျောက်နီ၊ ခဲ၊ သွပ်၊ ရွှေ၊ ငွေ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း စသည့် တွင်းထွက်ရတနာမျိုးစုံထွက်ရှိသည်။
မြေပေါ်မြေအောက်သယံဇာတများ ပေါများကြွယ်ဝသောကြောင့်လည်း တစ်ချိန်သောကာလက ကိုလိုနီနိုင်ငံကြီးများက မြန်မာနိုင်ငံကိုမျက်စိကျကာ ကျူးကျော်သိမ်းပိုက်ခြင်းခံခဲ့ရသည်။ မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် မြေပေါ်မြေအောက် တွင်းထွက်သယံဇာတပစ္စည်းအမြောက်အမြားများကို ထုတ်ယူသိမ်းပိုက်သယ်ဆောင်သွားခဲ့သည်။ ကိုလိုနီနယ်ချဲ့တို့ နှစ်ပေါင်းတစ်ရာကျော် သိမ်းပိုက်ခဲ့သည့်ကာလအတွင်း မြန်မာနိုင်ငံမှ သယံဇာတရတနာပစ္စည်းများစွာ ဆုံးရှုံးခဲ့ရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် မြန်မာနိုင်ငံမှထွက်ရှိသော သယံဇာတရတနာပစ္စည်းများကို မြန်မာနိုင်ငံကပိုင်ဆိုင်ပြီး မြန်မာနိုင်ငံသားများက လုပ်ကိုင်ခွင့်ရလာခဲ့သည်။
မြန်မာနိုင်ငံမှထွက်ရှိသော သယံဇာတပစ္စည်းများကို တရားဝင်လုပ်ကိုင်ခွင့်ရလာကြသလို တရားမဝင်ခိုးထုတ်မှုများလည်းရှိလာခဲ့သည်။ ထို့နောက် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိစေရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးအမြတ် ဖြစ်ထွန်းမှုများရရှိစေရန်အတွက် တူးဖော်ထုတ်လုပ်ထားသော ကျောက်မျက်ရတနာ များကို တရားဝင်ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ နိုင်ငံတော်အစိုးရအဆက်ဆက်လက်ထက်များတွင် ကျင်းပပေးလျက်ရှိရာ ယနေ့ထက်တိုင်အောင် ပြပွဲကျင်းပရောင်းချပေးလျက်ရှိသဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ များစွာရရှိလျက်ရှိသည်။
မြန်မာ့ကျောက်မျက်ရတနာများကို ပြပွဲခင်းကျင်းပြသခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းများကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံမှထွက်ရှိသော ကျောက်မျက်ရတနာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်း ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာဈေးကွက် ရာနှုန်းပြည့်ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကျောက်မျက်ရတနာများထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းများကို နိုင်ငံသားကုမ္ပဏီများနှင့် သမဝါယမအသင်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန်၊ အချိန်အခါမရွေး လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် ကျောက်မျက်ရတနာဈေးများ ဖွင့်လှစ်ထားရှိရန်၊ ကျောက်မျက်ရတနာရိုင်းများကို ဆင့်တက်ပြုပြင်၍ တန်ဖိုးမြင့်ထုတ်ကုန် အချောထည်နှင့် လက်ဝတ်ရတနာများထုတ်လုပ်ပြီး ဈေးကွက်ပိုမိုဖြစ်ထွန်းစေရန် ဆောင်ရွက်လျက်ရှိသည်။
ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းတူးဖော်ထုတ်လုပ်သည့်လုပ်ငန်းကို အစောပိုင်းက နိုင်ငံတော်ကသာ ပြုလုပ်ခဲ့ရာမှ ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာ့ကျောက်မျက်ရတနာဥပဒေပြဋ္ဌာန်းပြီး နိုင်ငံသားပုဂ္ဂလိက လုပ်ငန်းရှင်အသင်းအဖွဲ့များအား တူးဖော်လုပ်ကိုင်ခွင့် ခွင့်ပြုပေးခဲ့သည်။ မြန်မာ့ ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး အဖိုးတန်ကျောက်မျက်များ၊ ကျောက်စိမ်းများ၊ ပုလဲများနှင့် အချောထည်များကို နှစ်စဉ်ပြပွဲများ၊ နှစ်လယ်ပြပွဲများ၊ အထူးပြပွဲများကျင်းပ၍ ရောင်းချခဲ့ရာ ၁၉၉၈ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၀ ကျော်ရရှိခဲ့သည်။ ကျောက်မျက်ရတနာများ ရောင်းချရငွေ၏ လေးပုံတစ်ပုံကို ပုလဲများရောင်းချခြင်းမှ ရရှိခဲ့သည်။ မြန်မာနိုင်ငံရှိ မိုးကုတ်ရတနာမြေ၊ ပင်လုံရတနာမြေ၊ နဝရတ်ရတနာမြေ၊ မိုင်းရှူးရတနာမြေ၊ ဖားကန့်ကျောက်စိမ်းလုပ်ကွက်များမှာ ထင်ရှားသည်။
ယခုအခါ ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေပြည်တော်တွင် ခင်းကျင်းပြသရောင်းချလျက်ရှိရာ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၈၀၀ တို့ကို ပြည်တွင်း ပြည်ပ ရတနာကုန်သည်တို့အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ထိုင်းဘတ်၊ မြန်မာကျပ်ငွေ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေ အမျိုးအစားများဖြင့် သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချပေးလျက်ရှိသည်။
သို့ဖြစ်ရာ ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ကျင်းပနေပြီဖြစ်ရာ ဖွင့်ပွဲနေ့တွင် ပြည်တွင်းပြည်ပမှ ကျောက်မျက်ရတနာလုပ်ငန်းရှင် ၄၅၀၀ ကျော် လာရောက်လေ့လာကြည့်ရှု ဝယ်ယူနေကြပြီဖြစ်၍ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရေးနှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုး ဖြစ်ထွန်းမှုများ တိုးတက်ရရှိမည်ဟု ယုံကြည်ပါကြောင်း။ ။