Skip to main content

NCA စာချုပ်နှင့်အညီ ခိုင်ခိုင်မာမာရပ်တည်

ပြီးခဲ့သည့် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးတို့တွင် ရိုးရာဓလေ့အလိုက် ကျင်းပကြသည့် ပွဲတော်များ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် စည်ကားသိုက်မြိုက်ခဲ့သည်။ နိုင်ငံတစ်ဝန်းဟုဆိုရာတွင် တည်ငြိမ်အေးချမ်းမှုရှိသော၊ ငြိမ်းချမ်းသော မြို့ရွာများတွင်သာဖြစ်ပြီး အကြမ်းဖက်လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် ဒေသများတွင်မူ ဆန့်ကျင်ဘက်အခြေအနေများအဖြစ် ပျော်ရွှင်အေးချမ်းမှုတို့ ဆိတ်သုဉ်းနေကြမည်ဖြစ်သည်။ ထောင်သောင်းမက များပြားလှစွာသော ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲကြသည့် ဘုရားပွဲတော်၊ မီးထွန်းပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲတော်၊ မီးပုံးပျံပွဲတော်၊ မီးရှော်တိုင် မီးကြာစံပွဲတော်၊ ဂီတပွဲတော်၊ ဈေးရောင်းပွဲတော်တို့၏ ကြက်ပျံမကျ စည်ကားလှသည့် ပုံရိပ်များက ငြိမ်းချမ်းစွာနေထိုင်လိုကြသည့် ပြည်သူတို့၏ စစ်မှန်သောဆန္ဒကို ထင်ဟပ်ပေါ်လွင်စေသည်။

မိမိတို့နိုင်ငံ၏ ဒေသအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် မြို့ရွာများ ပျက်စီးမှု၊ လမ်း၊ တံတားများ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ ဓာတ်အားလိုင်းများ ပျက်စီးမှု၊ အိမ်ရာများဖောက်ထွင်းလုယက်မှု၊ အခွန်၊ ဆက်ကြေး၊ ဂိတ်ကြေးများ အတင်းအကျပ် တောင်းခံမှု၊ လုံခြုံရေးစခန်းများကို တိုက်ခိုက်မှု၊ ဒလန်ဟုစွပ်စွဲသတ်ဖြတ်မှုနှင့် တရားဥပဒေစိုးမိုးမှုတို့ ကင်းမဲ့သည့်အခြေအနေများ ဖြစ်ပေါ်နေမှုတို့မှာ EAO အချို့နှင့် PDF အမည်ခံအကြမ်းဖက်သမားတို့ကြောင့် ဖြစ်ပေါ်လာရသည့် အနိဋ္ဌာရုံများပင်ဖြစ်သည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်အဖွဲ့အစည်းများက လက်နက်ဖြင့် အကြောက်တရားကိုဖန်တီးပြီး လူသစ်စုဆောင်းမှုများကို အရှိန်မြှင့်လုပ်ဆောင်ခြင်း၊ လူမျိုးရေး၊ မုန်းတီးမှုဖြစ်အောင် လှုံ့ဆော်ဖန်တီးမှုများပြုလုပ်ခြင်းတို့ ဆောင်ရွက်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်ကြားသိနေကြရသည်။ ၎င်းအဖွဲ့အစည်းများမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို ဟန်ဆောင်ကြွေးကြော်ခဲ့ကြသော်လည်း ၎င်းတို့၏ လက်တွေ့လုပ်ရပ်နှင့် ဦးတည်ချက်များမှာ တစ်နယ်တစ်မင်း စစ်အာဏာရှင်ဝါဒနှင့် ကိုယ်ကျိုးစီးပွားရှာဖွေမှုဆီသို့သာ ရှေးရှုနေကြခြင်းဖြစ်သည်ကိုလည်း တွေ့နိုင်သည်။

တပ်မတော်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်နေခြင်းဖြစ်သည်။ NCA သဘောတူစာချုပ်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်သည့်နေ့မှစ၍ ဆွေးနွေးညှိနှိုင်းမှုပေါင်း ၅၀၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီးမှရရှိခဲ့သည့် သဘောတူစာချုပ်ဖြစ်ရာ ပေါ့ပေါ့တန်တန် လွယ်လွယ်ကူကူ ဖြစ်ပေါ်လာခြင်းမဟုတ်။ တပ်မတော်သည် NCA စာချုပ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စာချုပ်၏အနှစ်သာရနှင့်အညီ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ကိုထုတ်ပြန်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် NCA သဘောတူစာချုပ်အတိုင်း အတတ်နိုင်ဆုံးရအောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့် လွှတ်တော်ကာလတွင်လည်း အချို့ကိစ္စရပ်များကို လွှတ်တော်၌ ဆက်လက်ဆွေးနွေးရန်အတွက် EAO များ၊ နိုင်ငံရေးပါတီများနှင့် သဘောတူဆွေးနွေးချက်များ ရရှိပြီးဖြစ်ကြောင်း” နိုဝင်ဘာ ၁၉ ရက်တွင်ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး၌ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပကာ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော် အာဏာလွှဲအပ်ရေးပင်ဖြစ်သည်။ နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များကိုပါ ဖိတ်ခေါ်ထားပြီးဖြစ်ရာ အကြမ်းဖက်တိုက်ခိုက်သည့် နည်းလမ်းကြောင့် နိုင်ငံအတွင်းနစ်နာပျက်စီးဆုံးရှုံးရမှုများကိုထောက်ထား၍ စစ်မှန်သောပြည်သူတို့၏ ဆန္ဒနှင့်အညီ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ကမ်းလှမ်းခဲ့ခြင်းပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ငြိမ်းချမ်းရေးဟူသည် တစ်ဖက်တည်းကသာ လိုလား၍လည်းကောင်း၊ တစ်ဖက်တည်းကသာ ကြိမ်ဖန်များစွာ လိုက်လျော၍လည်းကောင်း ဖြစ်ပေါ်မလာနိုင်သည်ကို ပကတိအရှိတရားက ပြဆိုလျက်ရှိသည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါကြောင်း။       ။