Skip to main content

သက်ရှိများ သက်ရှည်ကျန်းမာရေး လေထုညစ်ညမ်းမှုကာကွယ်ပေး

သက်ရှိလူသတ္တဝါများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် သန့်ရှင်းသောလေကို စက္ကန့်မလပ်ရှူရှိုက်နေရသည်။ ထမင်းအသက် ခုနစ်ရက်၊ ရေအသက်တစ်မနက် ဆိုကြသည်ထက် လေအသက်သည် စက္ကန့်မိနစ်ပိုင်းမျှသာကြာမြင့်သဖြင့် သန့်ရှင်းသောလေရှူရှိုက်ရေးသည် အရေးတကာအရေးတွင် အရေးအကြီးဆုံးဖြစ်ပေသည်။ အောက်ဆီဂျင်ဟု ခေါ်ဆိုသောလေကို မရှူရှိုက်ရပါက အသက်သေဆုံးနိုင်ပြီး မသန့်ရှင်းသောလေကို ရှူရှိုက်ရပြန်လျှင်လည်း သက်တမ်းတိုခြင်းကို ဖြစ်နိုင်ပေသည်။

အောက်ဆီဂျင်သည် လေထုထဲတွင် အဓိကပါဝင်ပြီး သက်ရှိသတ္တဝါများအတွက် အရေးပါသောဓာတ်ငွေ့တစ်မျိုးဖြစ်သည်။ အောက်ဆီဂျင်ဓာတ်ငွေ့သည် သက်ရှိများအတွက် အလွန်အသုံးဝင်ပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သည်။ သက်ရှိများအားလုံး အသက်ရှင်နိုင်ရေးအတွက် သဘာဝကပေးထားသော အောက်ဆီဂျင်ဓာတ်ငွေ့(လေ)ကို သက်ရှိလူသားများကပင် ပြန်လည်ဖျက်ဆီးနေကြသည်။ လူတို့၏ အကျိုးစီးပွားများကို ရှေးရှု၍ လူသားများသည် အောက်ဆီဂျင်ဓာတ်ငွေ့ကို ပျက်စီးစေနိုင်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဖြစ်ပေါ်စေသည့် အမှုကိစ္စများကို ဆောင်ရွက်ကြသဖြင့် ပတ်ဝန်းကျင်လေထုအတွင်းရှိ အောက်ဆီဂျင် (လေ)သည် တစ်စတစ်စ ပိုမိုညစ်ညမ်းလာပြီဖြစ်သည်။

လေထုညစ်ညမ်းမှုဆိုသည်မှာ သန့်ရှင်းသောလေထုထဲတွင် မီးခိုး၊ ဓာတ်ငွေ့တစ်မျိုးမျိုး၊ ဖုန်မှုန့်များ၊ မြူခိုးများ၊ အနံ့အသက်များ၊ ရေခိုးရေငွေ့များ ရှိသင့်သည့် ပမာဏထက် ပိုမိုများပြားစွာရှိနေခြင်းဖြစ်သည်။ ယင်းသို့ဖြစ်နေခြင်းသည် လူသားတို့၏ ကျန်းမာရေးကို တစ်နည်းနည်းဖြင့် ထိခိုက်စေနိုင်သည်။ လူတိုင်းသည် အသက်မရှူဘဲမနေနိုင်သဖြင့် သန့်ရှင်းသောလေကို မရှူရှိုက်ရဘဲ မသန့်ရှင်းသော ညစ်ညမ်းသောလေကို ရှူရှိုက်ရပါက ကျန်းမာရေးပြဿနာထက်ပိုသော လူတို့၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည်။ အထူးသဖြင့် လေထုညစ်ညမ်းသော ဒေသများတွင် ဆေးလိပ်သောက်သုံးခြင်းမှအစ ရပ်တန့်ပစ်ရပြီး မသန့်ရှင်းသော လေကိုရှူရှိုက်နေရပါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကျန်းမာရေးကို ထိခိုက်စေသည်။

လေထုညစ်ညမ်းမှုဖြစ်ရခြင်း၏ ၆၀ ရာခိုင်နှုန်းခန့်မှာ ရေနံကဲ့သို့ တွင်းထွက်ပစ္စည်း လောင်စာများကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။ ၁၆ ရာခိုင်နှုန်းမှာ တောမီးများ၊ မြူခိုးများ၊ ပင်လယ်ဓာတ်ဆားအငွေ့ပြန်ခြင်းကြောင့်ဖြစ်ပြီး ၂၂ ရာခိုင်နှုန်းမှာ လူသားများ ပြုလုပ်ဆောင်ရွက်ကြသည့် လုပ်ငန်းဆောင်တာများကြောင့်ဖြစ်ကြောင်း သိရသည်။ လေထုညစ်ညမ်းမှုကိုဖြစ်စေသော အမှုန်အမွှားပမာဏသေးငယ်လေ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်ထဲသို့ ဝင်ရောက်မှုလွယ်ကူလေဖြစ်သည်။ ကျွန်ုပ်တို့ နေ့စဉ်အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်ရာတွင် မသန့်ရှင်းသောလေများ ရှူသွင်းလိုက်သည့်ပမာဏကို ခန့်မှန်းကြည့်နိုင်သည်။ သန့်ရှင်းသောလေကို ရှူရှိုက်ရသည့်ခံစားမှုနှင့် မသန့်ရှင်းသောလေကို ရှူရှိုက်ရသည့် ခံစားမှုကိုပင် ကွဲပြားစွာသိနိုင်သည်။

မသန့်ရှင်းသောလေကို ရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်ကာ အဆုတ်၊ နှလုံး၊ အသည်းနှင့် ဦးနှောက်စသည့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို ရေရှည်တွင် ထိခိုက်မှုဖြစ်စေသည်။ ကင်ဆာကဲ့သို့ရောဂါများ၊ အခြားနာတာရှည်ရောဂါများ ဖြစ်ပွားနိုင်သည်။ အဓိကဖြစ်ပွားတတ် သောရောဂါများမှာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ နာတာရှည်လေပြွန်ရောင်ရမ်းခြင်းရောဂါများ၊ နမိုးနီးယားကဲ့သို့ အဆုတ်ရောင်ရောဂါများ၊ အဆုတ်ရောဂါနှင့် မျက်စိတိမ်စွဲခြင်းရောဂါများကို ဖြစ်စေသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ ကလေးမွေးဖွားရာတွင် အခက်အခဲဖြစ်စေခြင်း၊ ပေါင်ချိန်မပြည့်၊ လမစေ့ကလေးမွေးဖွားခြင်း၊ မွေးရာပါချို့ယွင်းသည့် ကလေးမွေးဖွားခြင်း၊ ပန်းနာရင်ကျပ်၊ ဆီးချိုနှင့် အာရုံကြောချို့ယွင်းခြင်း စသည့်ရောဂါများ ဖြစ်ပွားစေနိုင်သည်။

ယခုအခါ လေထုညစ်ညမ်းမှုအများဆုံးဖြစ်ပွားသည့်ဒေသများမှာ တောင်အာရှဒေသမှ အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့၌ တောမီးလောင်မှုကြောင့် မီးခိုးမြူငွေ့ပြဿနာများကို ဖြေရှင်းနေရသည်။ မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီကာလ၌ တောမီးလောင်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် တောမီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးခြင်း၊ ပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ လဟာပြင်တွင် မီးမရှို့စေရေးပညာပေးဟောပြောမှုများ၊ အိမ်သုံးနှင့် လယ်ယာသုံးစွန့်ပစ်ပစ္စည်းများကို မီးမရှို့စေရေး၊ စနစ်တကျစွန့်ပစ်နိုင်ရေး၊ အမှိုက်မီးရှို့စက်ဖြင့် စနစ်တကျမီးရှို့ရေးတို့ကို ဆောင်ရွက်လျက်ရှိပြီး လေထုအရည်အသွေးတိုင်းတာခြင်းကိုလည်း ပုံမှန်ပြုလုပ်လျက်ရှိသည်။

သို့ဖြစ်ရာ မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်းတိုးတက်ဖြစ်ထွန်းမှုများ မြင့်မားလာသလို လူမှုစီးပွားဘဝများ၌ လေထုညစ်ညမ်းမှုကိုဖြစ်စေသည့် လုပ်ဆောင်မှုများ ပိုမိုများပြားလာရာ ပတ်ဝန်းကျင်လေထုအရည်အသွေးကို ပျက်စီးစေနိုင်သည့် လေထုညစ်ညမ်းမှုကိုဖြစ်စေသော လုပ်ဆောင်မှုအဝဝတို့ကို အသိတရားဖြင့် လျှော့ချကြကာ သက်ရှိလူသားများ အသက်ရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။