လောကတွင် ကောင်းမှု၊ မကောင်းမှုတို့ကို အကြောင်းပြု၍ အများပြည်သူတို့ စိတ်ချမ်းမြေ့ပျော်ရွှင်ခြင်း၊ ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းတို့ ကြုံတွေ့ကြရသည်။ ပြည်သူ များအနေဖြင့် ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ခြင်းတို့ကိုသာ အလိုရှိကြသည့်အတွက် ပြည်သူများအားလုံး နှလုံးစိတ်ဝမ်းချမ်းမြေ့စေရန်အတွက် ကောင်းသောအမှုကုသိုလ်များနှင့် ပျော်ရွှင်ချမ်းမြေ့မှုများကို ဆောင်ကြဉ်းပေးကြရမည်ဖြစ်သည်။ မျက်မှောက်အချိန်အခါ တန်ဆောင်တိုင်ပွဲတော်အခါသမယတွင် အများပြည်သူ စိတ်ချမ်းမြေ့ဖွယ်မြင်ကွင်းများကို မြင်တွေ့ရသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။
နိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးထင်ရှားသော စေတီဘုရားကျောင်းကန်များ၌ တန်ဆောင်တိုင်ဆီမီးထွန်းညှိပူဇော်ပွဲများအပြင် ကထိန်သင်္ကန်းကပ်လှူပွဲ၊ မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ၊ ဘုရားဈေးပွဲများတွင် ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် တိုးမပေါက်အောင် စည်ကားများပြားနေသည်ကို တွေ့ရသည်။ နိုင်ငံအနှံ့ရှိ အထင်ကရစေတီဘုရားများတွင် အနယ်နယ်အရပ်ရပ်မှပြည်သူများ ကောင်းမှုကုသိုလ်များ လာရောက်ပြုလုပ်ကြသည်။ အထူးသဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များတွင် ကမ္ဘာ့အကြီးဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးပြည်သူများနှင့် အထူးစည်ကားလျက်ရှိသည်။
ကုသိုလ်လည်းယူ ပျော်ရွှင်ချမ်းမြေ့မှုအပေါင်း ဝေဆာနေမှုများကို ဘုရားကျောင်းကန်အရိပ်အာဝါသအောက်တွင် ကြည်နူးချမ်းမြေ့ဖွယ်တွေ့မြင်နိုင်သည်။ တာဝန်ရှိသူများကလည်း တန်ဆောင်တိုင်မီးထွန်းပွဲတော်လာ ဘုရားဖူးပြည်သူများ ဘေးအန္တရာယ်အနှောင့်အယှက်ကင်းရှင်းစွာဖြင့် ဘုရားဖူးခြင်း၊ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာများ ပြုလုပ်နိုင်ရန်အတွက် ကူညီစောင့်ရှောက်မှုများကို မပြတ်မလပ်မလစ်ဟာအောင် ပြုလုပ်ပေးလျက်ရှိသည်။ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဘုရားရင်ပြင်တွင် မသိုးရွှေကြာသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲများမှာ အထူးစည်ကားလှသည်။ ထို့အပြင် မြတ်စွာဘုရားရှင်အား မီးပုံးပျံလွှတ်တင်၍ ပူဇော်ခြင်းကုသိုလ်ထူးကို ဝန်ကြီးဌာနအလိုက် စီစဉ်ဆောင်ရွက်ကြရာ ဘုရားဖူးပရိသတ်များ ကြည့်ရှုအားပေးကြသည်။
ဘုရားပရိဝုဏ်အတွင်း အနယ်နယ်အရပ်ရပ်မှလာရောက်ကြသည့် ဘုရားဖူးပြည်သူများအား တိုင်းရင်းသားရိုးရာအကအလှများ၊ အိုးစည်ဒိုးပတ်၊ သံချပ်တီး လုံးများနှင့်ယှဉ်တွဲ၍ အလှမီးရှူးမီးပန်းများ ပစ်ဖောက်ပူဇော်ခြင်း၊ မီးပုံးပျံအသေးများ၊ ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်းဖြင့် နေပြည်တော်တန်ဆောင်တိုင်ပွဲတော်၏ ညအလှကို ပိုမိုပေါ်လွင်ထင်ရှားစေသည်။ အလားတူ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း ခမ်းနားထည်ဝါစွာဖြင့် မီးအလှဆင်ပူဇော်ထားမှုများ၊ ဘုရားစေတီပုထိုးများ၏ သပ္ပာယ်မှုများနှင့် အံ့မခန်းဗိသုကာလက်ရာများမှာ တစ်နှစ်လျှင် တစ်ကြိမ် တန်ဆောင်တိုင်မီးထွန်းပူဇော်ပွဲသို့ လာရောက်ကြသည့်ပြည်သူများအဖို့ ဖူးမြော်ကြည်ညိုမဆုံး ဖြစ်ကြရသည်။
တန်ဆောင်တိုင်ပွဲတော်လာ ပြည်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်းထားပြီး တေးသံရှင်များက တေးသီချင်းကောင်းများ၊ လူကြီး၊ လူငယ်အကြိုက် ခေတ်ဟောင်း၊ ခေတ်ပေါ်တေးသီချင်းများ ဖျော်ဖြေမှုများအပြင် ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုအဖြစ် မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ အစီအစဉ်ဖြင့် ဇာတ်မင်းသားဖိုးချစ်အဖွဲ့နှင့်အတူ ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက အော်ပရာ/ ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေကြရာ ပရိသတ်များ ကြိတ်ကြိတ်တိုး လာရောက်ကြည့်ရှုအားပေးကြသည်။ ထို့အပြင် ဘုရားဖူးလာကြသည့် ကလေးသူငယ်များ ပျော်ရွှင်ချမ်းမြေ့စေရန်အတွက် ကလေးကစားနည်းအမျိုးမျိုး စီစဉ်ပေးထားခြင်းနှင့် ဒေသထွက်ကုန်များ၊ အစားအစာများကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ပြည်သူများ စိတ်ဝင်တစား အားပေးဝယ်ယူကြသည်။
တန်ဆောင်မုန်းလပြည့် တန်ဆောင်တိုင်ပွဲတော်သည် ရှေးအစဉ်အဆက် မြန်မာတို့၏ ဘာသာတရားလွှမ်းခြုံထားသော ယဉ်ကျေးမှုအစဉ်အလာပွဲတော်ဖြစ်သည်နှင့်အညီ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင်သာမက မြို့နယ်အသီးသီးတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲလျက်ရှိသည့် မြင်ကွင်းများမှာ စိတ်နှလုံးချမ်းမြေ့ဝမ်းမြောက်ဖွယ်ရာများ ဖြစ်သည်။ ဤသို့ကောင်းသောအမှုများဖြင့် ပြည်သူအများ စည်ကားများပြားနေသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အေးချမ်းသာယာဝပြောမှုကို ဖော်ညွှန်းနေပေသည်။ ကိုးကွယ်ရာဘာသာတရား၏ ရှုထောင့်မှကြည့်လျှင် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး၏ အေးမြသည့်အရိပ်အာဝါသအောက်တွင် အများပြည်သူ စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်စွာ ရပ်တည်နေထိုင်နိုင်သည့် အကျိုးရလဒ်ကောင်းများ ရှင်သန်ဖြစ်ထွန်းနေသည်ဟု ရှုမြင်ပါကြောင်း။ ။