သီပေါ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်နှင့် အတူ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့နှင့် တွေ့ဆုံခဲကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းသာလှိုင်က ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ မဲစာရင်းများ ပြည့်စုံမှန်ကန် မှုရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံလျာထားဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ မြို့နယ်ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ကိုဗစ်−၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့ကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြို့နယ် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်း နှင့် နှာခေါင်းစည်းMask(၂၅၀၀)ခုတို့ကို ပေးအပ်ရာမြို့နယ်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က လက်ခံရယူခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကိုဗစ်−၁၉ရောဂါသည် ကမ္ဘာနှင့်တဝှမ်း ဖြစ်ပွားနေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ကိုဗစ်−၁၉ရောဂါ ကာကွယ်နိုင်ရန် အတွက် လက်ကို ဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာဆေးကြောပေးရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့်ရှောင်ရှားရန်၊ တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာဖြင့် ပြောဆိုဆက်ဆံကြရန်နှင့် မလိုအပ်ပဲအိပ်အပြင်မထွက်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာကြရန်နှင့် ကိုဗစ်-၁၉ရောဂါကိုအားလုံးပူးပေါင်းကာကွယ်ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)