ဟားခါး စက်တင်ဘာ ၂၂
ချင်းပြည်နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က တစ်နိုင်ငံလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု မြင့်မားလျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၁ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၈၀၅)ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ(၁၂၆၀)ဦးနှင့် သေဆုံးလူနာ(၉၄)ဦးထိ ရှိလာပြီဖြစ်ကြောင်း၊ မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ သုံးဦးတွေ့ရှိလာသည့်အတွက် ဆင့်ပွားကူးစက်ခံရမှု မရှိစေရေး ဆက်စပ် ထိတွေ့သူများကို အမြန်ရှာဖွေ၍ သွားလာကန့်သတ်စောင့်ကြည့်မှု ဝင်ရောက်စေရေး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရန်လိုကြောင်း၊ ရခိုင်ပြည်နယ်နှင့် ဆက်စပ်သည့် ပလက်ဝမြို့နယ် တွင် ရောဂါဖြစ်ပွားမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တွဲဘက်အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့်ကော်မတီဝင်များက စည်းကမ်းလိုက်နာမှုမရှိသည့် မော်တော်ယာဉ်လိုင်းများအား သတိပေးလက်မှတ်ရေးထိုး စေမှုအခြေ အနေ၊ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ အကာအကွယ်များ စနစ်တကျ တပ်ဆင်ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် စံသတ်မှတ်ချက်များကို ရပ်ကွက်၊ကျေးရွာအောက်ခြေအထိ သိရှိနိုင်ရေး သတင်းအချက်အလက်များ ဖြန့်ဝေရေး၊ ခွင့်ပြုချက်မရဘဲ မိမိသဘောဖြင့် ခရီးသွားသည့်ဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရေး၊ ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ပရဟိတ အဖွဲ့များ တာဝန်ပေးအပ်မှု မရှိစေရေး၊ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာမှု မရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူနိုင်ရေးအတွက် ခွင့်ပြုပေးရေး၊ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေများပေးအပ်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ချင်းပြည်နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဟန်ဝင်းအောင်က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ ထုတ်ပေးသည့် ရန်ပုံငွေ ရရှိ၊ သုံးစွဲမှုစာရင်း တင်ပြရေး၊ အခြားပြည်နယ်၊တိုင်းဒေသကြီးများမှ ပြည်နယ်အတွင်း ဝင်လာသူအားလုံး မဖြစ်မနေ သွားလာကန့်သတ် စောင့်ကြည့်မှု ဝင်ရောက်စေရေး၊ သွားလာကန့်သတ် စောင့်ကြည့်မှု ဝင်ရောက်သူများအနေဖြင့် စားသောက်စရိတ်နှင့် အာခေါင်တို့ပတ်နှင့်နှာခေါင်းတို့ပတ် ဓာတ်ခွဲစစ်ဆေးခများကို ကျခံစေရေး၊ စစ်ဆေးရေးဂိတ်များတွင် စနစ်တကျ စစ်ဆေးကြပ်မတ်ရေးနှင့် စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေရေးတို့ကို အကြံပြုဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ခွီရှိန်း