မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးသည့် ၁၉၈၈ ခုနှစ်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခုတွင် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၃၈ ဘီလီယံရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို သုံးသပ်ကြည့်သောအခါ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍတွင် သုညဒသမ ၄၈ ရာခိုင်နှုန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၁ ဒသမ ၀၄ ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အစဉ်အဆက်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် စိုက်ပျိုးရေးကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်နှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၁၀၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အောင်မြင်နိုင်သည့် အခွင့်အလမ်းကောင်းများကို ဖမ်းဆုပ်နိုင်ရန်အတွက် ယခုထက်ပိုမိုပြီး ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်ထားသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သွင်းကုန်/ပို့ကုန် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀၀၀ ကျော် ရှိသောကြောင့် လက်ရှိတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုခိုင်မာအားကောင်းနေသည်မှာ ပေါ်လွင်ထင်ရှားနေသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသောကြောင့် စားရေရိက္ခာနှင့် အခြားထွက်ကုန်ပစ္စည်းများကို အဆင့်မီမီတိုးမြှင့်ထုတ်လုပ်နိုင်ရန် အခွင့်အလမ်းများရှိသောနိုင်ငံဖြစ်သည်။ ထို့ကြောင့် တရုတ်- မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်မက တိုးမြှင့်သွားလိုကြောင်း နိုင်ငံတော်အကြီးအကဲက တရုတ်နိုင်ငံခရီးစဉ်အတွင်း အသိပေးထားသည်။
ဒေသတွင်းဆောင်ရွက်ချက်များကိုဆိုပါမူ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်ကို အတည်ပြုခဲ့သည့် ပထမဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို RCEP သဘောတူစာချုပ်တွင် ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှစတင်ပြီး အသက်ဝင်ခဲ့ကြောင်းကို အတည်ပြုပေးခဲ့သည်။ တစ်ဖက်တွင် RCEP သဘောတူစာချုပ်အရ RCEP ဖောင်ပုံစံများနှင့် ဆက်စပ်အာမခံချက် စာရွက်စာတမ်းများကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ထုတ်ပေးလျက်ရှိသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီးပွားရေးအရ အခွင့်အလမ်းများ ရရှိခံစားနိုင်မည် ဖြစ်သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားနိုင်ရန် မြန်မာနိုင်ငံ၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ်သက်သာခွင့်များကို သိသာစွာ ပံ့ပိုးပေးထားသည်။ RCEP သဘောတူစာချုပ်အပြင် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု ဒေသဆိုင်ရာသဘောတူစာချုပ် (ACFTA) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ အကာအကွယ်ပေးရေးနှင့်လွယ်ကူချောမွေ့စေရေး အစီအမံများကြောင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေး လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းနှင့် စားသုံးဆီထုတ်လုပ်ခြင်း စသည့်ကဏ္ဍများတွင် မြန်မာနိုင်ငံ၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ပါက ဦးစားပေးပြီး ဝန်ဆောင်မှုများ အထူးပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ထို့အပြင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ အခြေခံအဆောက်အအုံများကဏ္ဍတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ဆုံရာ အချက်အချာကျသော လမ်းဆုံနေရာတွင် တည်ရှိသောကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာကောင်းများရှိသည်ကို အသိပေးထားသည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်အတွင်း အသိပေးပြောကြားခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းများကို အမိအရဆုပ်ကိုင်ပြီး နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းလာအောင် ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။