နေပြည်တော် နိုဝင်ဘာ ၁၂
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အနော်ရထာခန်းမ၌ ဆင်ယင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသည့် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ သောက်တော်ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အစီအစဉ်အရ မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ကထိန်ခံ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကံဦးကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇဝနထံ ကထိန်လျာသင်္ကန်းကိုလည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကောင်စီဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီးတို့က ရေဆင်းကံဦးကျောင်းဆရာတော်ထံ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသည့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရေဆင်းကန်ဦးကျောင်းတိုက်မှ ဆရာတော်နှစ်ပါးတို့က ကထိန်အမေးအဖြေများကို ဆောင်ရွက်တော်မူကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။
ထို့နောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် မိသားစုမဟာဘုံကထိန်အလှူတော်အဖြစ် လှူဒါန်းထားသည့် ပဒေသာပင်များအား နိုဝင်ဘာ ၁၀ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အနော်ရထာခန်းမမှ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံး၊ ဌာနအသီးသီးမှ ပဒေသာပင်စုစုပေါင်းအပင် ၉၀ ၊ ပစ္စည်းတန်ဖိုးငွေကျပ် ၁၃၆၂၉၃၃၉၅ နှင့် ငွေသားတန်ဖိုးငွေကျပ် ၁၀၆၉၈၅၀၁၀ ဖြစ်သဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၂၄၃၂၇၈၄၀၅ ကို လှူဒါန်းခဲ့ကြပြီး သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းအသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။