နေပြည်တော် စက်တင်ဘာ ၂၁
မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ) (MITT)က မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ဆိပ်ကမ်း အင်ဂျင်နီယာ ဘာသာရပ်မှ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအား ပညာသင်ဆုနှင့် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲက အဆိုပါတက္ကသိုလ် ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ)(MITT)မှ Administration Manager ဦးကျော်ဆွေလှနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း(သီလဝါ) (MITT)မှ Administration Manager ဦးကျော် ဆွေလှက MITT Scholarship နှင့် သင်ထောက်ကူပစ္စည်း ပေးအပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆိပ်ကမ်း အင်ဂျင်နီယာ ဘာသာရပ်နောက်ဆုံးနှစ်မှ ထူးချွန် ကျောင်းသား ကျောင်းသူ ၁၀ ဦးအတွက် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၀၀ ဖြင့် စုစုပေါင်းအမေရိကန် ဒေါ်လာ ၂၀၀၀ အား လွှဲပြောင်းပေးအပ်သည်။ ဆက်လက်၍ တက္ကသိုလ်သို့ Cannon Laser Printer ၁၂ လုံး လူ ၆၀ ဆံ့ စာသင်ခန်းတစ်ခန်းအတွက် စားပွဲ၊ ကုလားထိုင်၊ ပရိုဂျက်တာ တစ်လုံးနှင် အဲကွန်းနှစ်လုံး စုစုပေါင်း တန်ဖိုးငွေကျပ် ၈၃ သိန်းကျော် ပေးအပ်လှူဒါန်းသည်။
MITT အနေဖြင့် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ဆိပ်ကမ်း အင်ဂျင်နီယာ နောက်ဆုံး နှစ် ထူးချွန် ကျောင်းသား ၁၀ ဦး နှစ်စဉ်ရွေးချယ်ပြီး တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ စီ ပေးအပ်ခဲ့ရာ ၂၀၁၆ ခုနှစ်မှ စတင်၍ အမေရိကန် ဒေါ်လာ ၂၀၀ အထိ တိုးမြှင့်ပေးအပ် ချီးမြှင့်ပေးခဲ့သည်။ ထို့အပြင် ၂၀၀၇ ခုနှစ်မှစတင်၍ ဆိပ်ကမ်းအင်ဂျင်နီယာ ကျောင်းသား များထဲမှ အထူးချွန်ဆုံး ကျောင်းသား တစ်ဦးအား MITT ၏ မိခင်ကုမ္ပဏီ ဖြစ်သော Hutchison Port Holding မှ ရွှေတံဆိပ်ဆု (Hutchison Port Holding-HPH) နှင့် ငွေသားအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀ ကို မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပေးအပ်ချီးမြှင့်ခဲ့ရာ ယခုနှစ်အထိ (၁၄) ကြိမ်တိုင်တိုင် ပေးအပ်ခဲ့ပြီး ဖြစ်သည်။
မြန်မာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ)(MITT) အနေဖြင့် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်သို့ ၂၀၀၂ ခုနှစ်မှ စတင်၍ သင်ထောက်ကူပစ္စည်းများအား နှစ်စဉ်ပေးအပ် လှူဒါန်းခဲ့ပြီး ၂၀၁၄ ခုနှစ် တွင် ရေကြောင်းသိပ္ပံပညာဌာန၊ ရေကြောင်းစက်မှု အင်ဂျင်နီယာဌာန နှင့် ဆိပ်ကမ်းအင်ဂျင်နီယာဌာနများမှ ဆောင်ရွက်သည့် Project များ အတွက် အမေရိကန် ဒေါ်လာ ၆၅၀၀ ကို လည်း ကောင်း၊ ၂၀၁၅ ခုနှစ်တွင် ရေကြောင်း သိပ္ပံပညာဌာန၊ မြစ်ချောင်းနှင့် ကမ်းရိုး တန်း အင်ဂျင်နီယာဌာန၊ ဆိပ်ကမ်းအင်ဂျင်နီယာပညာဌာနများမှ ဆောင် ရွက်သည့် Project များ အတွက် အမေရိကန်ဒေါ်လာ ၅၅၀၀ ကို လည်းကောင်း၊ ၂၀၁၆ ခုနှစ်အတွက် အမေ ရိကန်ဒေါ်လာ ၆၀၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြုပစ္စည်းများအား လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ဆိပ်ကမ်းအင်ဂျင်နီယာ ဌာနများ၏ GIS Lab များတွင် အသုံး ပြုရန်အတွက် အမေရိကန် ဒေါ်လာ ၆၀၀၀ ကို လည်းကောင်း ၊ ၂၀၁၈ ခုနှစ် ပညာသင်နှစ်တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ ၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွက် ငွေကျပ် ၈၈ သိန်းကျော် တန်ဖိုးရှိ စားပွဲများ၊ ထိုင်ခုံများ၊ Projector နှင့် အဲကွန်းများကို လည်းကောင်း၊ ၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် ငွေကျပ် ၈၃သိန်း ကျော် တန်ဖိုးရှိစားပွဲများ၊ ထိုင်ခုံများ၊ Projector၊ အဲကွန်းနှင့် Printer များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်