နေပြည်တော် စက်တင်ဘာ ၂၁
အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီ ဒုတိယဥက္ကဋ္ဌ-၁ ဦးထွန်းဝင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ကျွန်တော်က အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC)ဌာနချုပ်၊ ဒု-ဥက္ကဋ္ဌ(၁) ဦးထွန်းဝင်းဖြစ်ပါတယ်။ အရွယ်ရောက် သူတိုင်း ဆန္ဒပြုဖို့ ထိုက်တန်တဲ့ မဲတစ်ပြားစီ ကိုင်ထားပြီး ဘယ်သူ့ပေးရပါ့လို့ ဇဝေဇဝါ ဖြစ်နေချိန်မှာ ကျွန်တော်တို့ ပါတီကိုယ်စားလှယ်ကိုသာ ဒီမဲတစ်ပြားကို ပေးပါလို့ မတောင်းရက်ပါ။ ကျွန်တော်တို့ပါတီရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ အပေါ်မှာ သာ နားလည်မှုရှိစွာနဲ့ အားရပါးရထောက်ခံပေးကြပါလို့ ပန်ကြားပါရစေ။ မိဘ ပြည်သူ၊ အလုပ်သမား၊ လယ်သမား၊ လက်လုပ် လက်စား၊ ကျောင်းသားကြီးငယ်၊ လူရွယ် လူလတ်တို့ ခင်ဗျား -
လေးစားစွာ ဂုဏ်ပြုနှုတ်ခွန်းဆက်သလိုက်ပါတယ် ...
ငြိမ်းချမ်းခြင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ ... ။
ကျွန်တော်တို့ပါတီဖြစ်စဉ်အကျဉ်းကို အမြွက်မျှ တင်ပြပါရစေ။ လက်ရှိ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီကို ၂၈ - ၂ - ၂၀၁၂ နေ့မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒီနာမည်နဲ့ပဲ ရွေးကောက်ပွဲ ဝင်ခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မြန်မာတစ်နိုင်ငံလုံး တစ်စုစီ၊ တစ်စုစီ ပြန့်ကျဲနေတဲ့ မွတ်စလင်တွေကို တစ်စုတည်း စုပြီး လွတ်လပ်ရေးအတွက် နိုင်ငံရေးအင်အားတစ်ရပ်အနေနဲ့ ထူထောင်ဖို့ ဆရာကြီး ဦးရာဇတ်ကို ဗိုလ်ချုပ်က တိုက်တွန်း တာကြောင့် ဗမာမွတ်စလင်ကွန်ဂရက် 'ဗမက' ကို ဖွဲ့စည်းပြီး 'ဖဆပလ' အဖွဲ့ချုပ်ကြီးရဲ့ တပ်ပေါင်းစုဝင်အဖြစ် ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ တောင်ပေါ်မြေပြန့်မခွဲတဲ့ စုစည်းညီညွတ်မှုကို တည်ဆောက် နိုင်ခဲ့ကြပါတယ်။ ပင်လုံစာချုပ်ကြီးကိုလည်း ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ လွတ်လပ်ရေးကြီးကိုလည်း အရယူနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက် မှာလည်း 'ဗမက' ဟာ 'ဖဆပလ' ရဲ့ မဟာမိတ်အဖြစ်နဲ့ ၁၉၅၆ ခုနှစ် စက်တင် ဘာလ ၃၀ ရက်နေ့ထိ နိုင်ငံရေးမျက်နှာစာမှာ အထင်ကရလှုပ်ရှားပြီး ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်ပြီးကာလ ပြန်လည် ထူထောင်ရေးနဲ့ စက်မှုထုတ်ကုန် တိုးမြှင့်ရေးတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပတ်ဝန်းကျင် နိုင်ငံအားလုံးလိုလိုက မော့ကြည့်ရတဲ့ထိ အောင်မြင်ခဲ့ပါတယ်။ ဒီလို အောင်မြင်စွာ တည်ဆောက်ပြီးတဲ့ နောက်မှာတော့ ငြမ်းလိုအဖျက်ခံ ခဲ့ရပါတယ်။ ဒါကြောင့် ပါတီဖျက်ပြီး နောက်တစ်နေ့ အောက်တိုဘာ ၁ ရက်နေ့မှာ 'ဗမက (သစ်)' လို့ ပြန်ဖွဲ့သူတွေက ဖွဲ့သလို ၁၉၆၁ မှာ 'ဗပက' ကိုဖွဲ့ပြီး၊ 'ပမညတ' အဖွဲ့ကြီးနဲ့ မဟာမိတ်ဖွဲ့၊ အတိုက်အခံ နိုင်ငံရေး အင်အားစုအဖြစ် လှုပ်ရှား ခဲ့ပါတယ်။ 'မဆလ' တစ်ပါတီ တည်မြဲဖို့အတွက် ၁၉၆၄-မှာ ကျန်ပါတီတွေ အားလုံးကို ဖျက်သိမ်းလိုက်တော့ 'ဗမက (သစ်)' ရော၊ 'ဗပက' ပါ ပါသွားခဲ့ ရပါတယ်။
၁၉၉၀ ရွေးကောက်ပွဲဝင်ဖို့ 'အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ'(UNC) အမည်နဲ့ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းခဲ့ပြန်ပြီး တစ်ဖန် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီတွေ ပြန်တည်ထောင် ကြတော့ ၂၀၁၂ မှာမှ မှတ်ပုံတင်နိုင် ခဲ့တာပါ။ “အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ ” (UNC) အမည်ကို သုံးခဲ့တာပါ။
အတိတ်သမိုင်းကို ပြန်ကြည့်ရင် နိုင်ငံရေးဥတုကိုလိုက်ပြီး အမည်တွေ ဘယ်လိုပဲပြောင်းပြောင်း နိုင်ငံတော်ထူထောင်ရေးနဲ့ ကာကွယ်ရေးကိစ္စတွေမှာ ပြည်သူတွေအားလုံးနဲ့အတူ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ခွင့်တူညီမျှ မခြားမနား ခံစားခဲ့ရသလို နိုင်ငံတော်လည်း ဂုဏ်ရောင် ပြောင်ခဲ့ရပါတယ်။ ခုအခါမှာလည်း နိုင်ငံတော်ရဲ့ အရေးကိစ္စဟူသမျှမှာ အရင်ကနဲ့မခြား၊ ကာကွယ်ရေး၊ တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးခေတ်မီရေးကိစ္စတွေမှာ အားလုံးနဲ့အတူ ပါဝင်ခွင့်သာဖို့ လိုပါတယ်။ တိုင်းပြည်အတွက် တကယ်ဆောင်ရွက်နိုင်စွမ်းရှိတဲ့ ကြီးမားတဲ့ ကျွန်တော်တို့ လူမှုအစုအဖွဲ့တွေကို ကျွန်တော်တို့ UNC ပါတီအနေနဲ့ ၂၀၁၄ -ခု သန်းခေါင် စာရင်း ကောက်ကာလက ထိတွေ့သိရှိခဲ့ရတာကြောင့်၊ အသုံးမတည့်ဘဲ အဟောသိကံ မဖြစ်စေချင်ပါ။ ကိုယ့်နိုင်ငံ အနီးအနားက ရှေ့တန်းကို ရောက်နေကြတဲ့ နိုင်ငံတွေမှာ "ခြားနားမှု ရှိသော်ငြားလည်း အားထားရသူတွေ" အဖြစ် ဖန်တီးပေါင်းစပ်နိုင်ခဲ့ကြလို့သာ အကျိုးရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို လူနည်းစုပင် ဖြစ်သော်ငြားလည်း ကြီးမားလှတဲ့ လူ့အစု အဝေးကြီးတစ်ရပ်ကို ပစ်ပယ်ထားဖို့ မူရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာဆိုရင်တော့ တကယ့်ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုကို ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ခုလို မြန်မာပြည်အနှံ့ တောင်ပေါ် မြေပြန့်မကျန် COVID-19 ကပ်ကြီးအတွင်း ခွဲခြားမှုတွေ ပျောက်ပြီး သူ့ဆီငါပို့၊ ငါလိုသူပေး၊ ဝေးလည်းနီး၊ သူငါမကွဲ ဝိုင်းကူလိုက်ကြလို့ အကျိုးရှိလိုက်ကြတာ။ အားရဝမ်းသာစရာပါ။
တိုင်းပြည်အတွက် အားလုံးနဲ့အတူ ဝိုင်းကူဆောင်ရွက်ဖို့ အပြန်အလှန် နားလည်မှုရအောင် ပူးပေါင်းဆောင်ရွက်တဲ့နည်း၊ အပြန်အလှန် သိမှတ်နားလည်မှုပေးတာကို စိတ်ရှည်လက်ရှည် လုပ်တဲ့နည်း၊ မေတ္တာပေး၊ မေတ္တာ ယူတဲ့နည်းနဲ့ မုန်းခြင်းမပါ၊ ဖားခြင်းမပါ၊ ချစ်ခြင်းကိုသာ ရှာမယ်၊ ငါတို့ စိတ်တူ ကိုယ်တူကြိုးစားကြမယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ ၂၀၁၈ အောက်တိုဘာ ၂၄ ရက်နေ့က၊ ရန်ကုန်မြို့City Hotel မှာ ပြည်လုံးကျွတ်ညီလာခံကြီးခေါ်ယူပြီး ပါတီရဲ့ မူဝါဒ၊ သဘောထားနဲ့လုပ်ငန်းစဉ်တွေကို ချမှတ်ပြီး ဒီရွေးကောက်ပွဲ ကြီးအတွက် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူများခင်ဗျား -
လူတိုင်းဟာ သဘာဝအရ ညီတူညီမျှ မွေးဖွားလာကြပါတယ်။ မြန်မာ ပြည်သားအားလုံး ခွင့်တူညီမျှရှိပါမှ ညီညွတ်မှုကို ရကြပါမယ်။ လူမျိုးစု အားလုံးဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရပါ့မယ်။ လူ့တန်ဖိုးနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး လူ့အခွင့်အရေးစံမီတဲ့ လူမျိုးဘာသာ၊ ရာထူးဂုဏ်သိန်၊ လိင်မခွဲတဲ့ဝါဒ၊ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ပြည်လုံးအနှံ့ သက်ရောက်တဲ့ ဒီမိုကရေစီနိုင်ငံတော် ဖြစ်ရပါမယ်။
နိုင်ငံတော်မှာဈေးကွက်စီးပွားရေးစနစ်ဟာ ခိုင်မာပီပြင် အသက်ရှင်ရပါမယ်။ နိုင်ငံတော် လက်ဝါးကြီးအုပ်စီးပွားရေးစနစ်နဲ့ ပုဂ္ဂလိက လက်ဝါးကြီးအုပ် စီးပွားရေးကို လုံးဝရှင်းပစ်ပြီး လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်ကို ဥပဒေပြဋ္ဌာန်းပြီး အာမခံရပါမယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးနဲ့ ကုန်ထုတ် လုပ်ငန်း တွေကို နိုင်ငံတော်က ထောက်ပံ့ချီးမြှောက်ရပါမယ်။
အလုပ်သမားတွေရဲ့ လုပ်ခလစာကို ဝတ်ရေးနဲ့နေရေးကိုပါ ထည့်တွက်ဖို့ လိုပါမယ်။ ကျန်းမာရေးနဲ့ ပညာရေး အတွက်ကိုတော့ နိုင်ငံတော်က ကျခံရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် စရိတ်ကို နိုင်ငံတော်မှာ အမြင့်ဆုံးသုံးထားတဲ့ စရိတ်တွေထဲက သုံးပုံ နှစ်ပုံလောက်ထိ ဖြတ်တောက်သုံးစွဲဖို့ စီစဉ်ရပါမယ်။
လယ်သမားတွေကို “လယ်လုပ်သူ လယ်ပိုင်စေ” အာမခံချက်ပေးရပါမယ်။ စီးပွားရေး တွက်ခြေ ကိုက်တဲ့သီးနှံကို လယ်သမားက ရွေးချယ်စိုက်ပျိုးခွင့်ရှိ ရပါမယ်။ မြေပိုင်ရှင်ကြီးစနစ် ပေါ်ပေါက်မလာဖို့ ဥပဒေပြုပြီး ထိန်းသိမ်း ကာကွယ်ရပါမယ်။ စိုက်ပျိုးရေးထောက်ကူစရိတ်ကို နိုင်ငံတော်က တာဝန်ယူရပါမယ်။ သိမ်းပိုက်ခံ လယ်ယာမြေ တွေကိုလည်း လက်ငုတ်လက်ရင်း လယ်သမားလက်ထဲ လက်တွေ့ကျကျ မြန်မြန်ရောက်အောင် လှည့်ပတ်မှုမပါ၊ အချိန်ဆွဲမှုမပါဘဲ ဥပဒေပြဋ္ဌာန်း စီစဉ်ပေး ရပါမယ်။
ကျေးလက်က နေစရာမြေမရှိတဲ့ ပြည်သူတွေကို ပြည်သူတွေပိုင်တဲ့ မြေထဲက စနစ်ချနာမည် ဖောက်ပေးပြီး မြေလက်ရောက် ပေးဖို့ လိုအပ်ပါမယ်။ လူတိုင်းဟာ မိမိကိုယ်တိုင် နေထိုင်မယ့် မြေကို ကိုယ်တိုင်ဝယ်ယူ နေထိုင်ဖို့မစွမ်းရင် နိုင်ငံတော်ကပေးဖို့ တာဝန်ယူရပါမယ်။ မြို့ပြက အိမ်ခြေမဲ့တွေကိုလည်း တိုင်းပြည်က မြေစိုက်ပေးပြီးတန်ဖိုးနည်း အိမ်ခန်းတွေကို အစိုးရက စီမံကိန်းချ ဆောက်လုပ်ပေးရပါမယ်။ ကုမ္ပဏီဝန်ထမ်းတွေအတွက်လည်း ကုမ္ပဏီတွေက ဒီအတိုင်းစီစဉ်ဖို့ ဥပဒေပြုရပါမယ်။
လွတ်လပ်တဲ့ ဗဟိုချုပ်ကိုင်မှုကင်းတဲ့ LIBERAL DEMOCRATIC EDU-CATION ကို ဖော်ဆောင်ရပါမယ်။ ဂုဏ်သိက္ခာ ရှိတဲ့ပညာကို ဂုဏ်သိက္ခာရှိပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့ ကျောင်းသားတွေကို ကိုယ်တိုင်တွေးခေါ် ဆုံးဖြတ် ရဲစွာနဲ့ ဆရာပီပီ ဆရာစားမချန် ပညာရော စေတနာနဲ့မေတ္တာပါပြွမ်းတဲ့ ဆရာတွေက သင်ပေးတဲ့ လေးစားခံ့ညားဖွယ်ရှိတဲ့ ကျောင်းတွေမှာ သင်ယူနိုင် ရပါမယ်။ တက္ကသိုလ်ပညာကိုလည်း တစ်ကျောင်း၊ တစ်ဂါထာသင်တဲ့ကျောင်းတွေ အစား၊ ဂုဏ်သရေကြီးမြင့်တဲ့ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကျောင်းကြီးတွေမှာ တက္ကသိုလ် ကျောင်းသားဘဝ သရုပ်ပီစွာနဲ့ တည်ကြည်စွာ ကမ္ဘာ့ ပညာရေး နယ်ပယ်မှာ သီအိုရီ အရရော၊ သုတေသနနဲ့ လက်တွေ့မှာပါ ချိတ်ဆက်ဆက်ဆံနိုင်တဲ့ ပညာရေး ဖြစ်ဖို့လိုပါတယ်။ တက္ကသိုလ် ကျောင်းသားဆိုတာမှာ အဆောင်နေခွင့် တစ်ပါတည်းပါပြီးသား ဖြစ်ရပါမယ်။ ခိုးသားတွေရဲ့ အလယ်မှာကြီးရတဲ့ ကျေးသူငယ် မျိုး မဖြစ်စေရပါဘူး။ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂတွေကို လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့် ပေးရပါမယ်။ လှုပ်ရှားမှုတိုင်း လည်း ဂုဏ်သိက္ခာ ရှိကြရပါမယ်။
လေးစားမြတ်နိုးအပ်ပါသော မဲဆန္ဒရှင်များခင်ဗျား -
အခုတင်ပြတဲ့ မူဝါဒတွေကို ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်တွေက ဆန္ဒရှင်တွေရဲ့ နေအိမ်တံခါးဝထိလာပြီး ရှင်းပြပါမယ်။ အောင်နိုင်ရေး ကြေညာချက် ကိုတော့ ကျွန်တော်တို့ ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။
၁။ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ (UNC)သည် မြန်မာ့နိုင်ငံရေး ကိစ္စများကို နိုင်ငံရေးဥပစာတွင် နိုင်ငံရေးနည်းဖြင့် ပါဝင်ဖြေရှင်းနိုင်ဖို့ တည်ထောင်ထားသော နိုင်ငံရေးပါတီ ဖြစ်ပါသည်။
၂။ UNC ပါတီသည် မြန်မာ့နိုင်ငံရေးကိစ္စများကို အားလုံးနှင့်အတူ ဝိုင်းကူဖြေရှင်းရင်း မိမိအစုအဖွဲ့၏ တာဝန်ထမ်းဆောင် မှုကို ပိုမိုပီပြင်ထင်ရှားစေရမည် ဖြစ်ပါသည်။
၃။ ယင်းသို့ ကြိုးပမ်းကြရာတွင် UNC သည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်၍ နှစ်သက်ရာ ယဉ်ကျေးမှုကို တည်ဆောက် နိုင်ခွင့်၊ လူ့အခွင့်အရေးစံနှင့် လူ့ဂုဏ်သိက္ခာအပေါ် အလေးထားလေးစား ယုံကြည်၍ လူမျိုးဘာသာ၊ လိင်မခွဲခြားသော စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု နိုင်ငံပေါ်ထွန်း လာရေးကို ဦးလည်မသုန် ကြိုးပမ်း လျက်ရှိကြကုန်သော လူမျိုးစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ကွန်ရက်များနှင့် သစ္စာထား၍ အတူတကွ ပူးပေါင်းဆောင်ရွက်သည်။
၄။ ကျွန်ုပ်တို့၏ UNC ပါတီသည် ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားရေး၊ အာဏာရှင် အုပ်စိုးမှုပပျောက်ရေး၊ လူမျိုးကြီးဝါဒ လွှမ်းမိုးမှုမှ လွတ်မြောက်ရေး၊ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား၊ ကုန်သည်၊ ဝန်ထမ်းနှင့် ရဟန်းရှင်လူ၊ ကိုးကွယ် ယုံကြည်သူအားလုံး၏ လွတ်လပ်ခွင့်အတွက် သမိုင်းတစ်လျှောက် တိုက်ပွဲဝင်ခဲ့ကြသူ၊ တိုက်ပွဲဝင် လျက်ရှိကြသူ၊ ဝိုင်းဝန်း ကြိုးပမ်းကြသူအားလုံး နှင့်အတူ တစည်းတလုံးတည်း ရှိသည်။
၅။ ကျွန်ုပ်တို့သည် ပြည်သူအားလုံးတို့အား အမုန်းစကားကိုမဆို၊ အချစ်စကား ကိုသာဆို၍ ခွဲခြားခြင်းကိုမလို၊ ပေါင်းစည်းခြင်းကို သာလို၍၊ ချုပ်ချယ်ခြင်းကိုမလို၊ လွတ်လပ်ခြင်း ကိုသာလို၍ ဆန္ဒရှင် ပြည်သူအားလုံးတို့၏ မြတ်သော အလိုဟူသမျှ ပြည့်ဝစေ၊ မချစ်မနှစ် သက်သောအရာဟူသမျှ ဝေးကွာစေဟူသော စိတ်စေတနာဖြင့် ပြည်သူ့အကျိုးကို ဆောင်ပါမည်။
၆။ ကျွန်ုပ်တို့သည် ဤလုပ်ငန်းစဉ်များဖြင့် ကျွန်ုပ်တို့အပေါ် အထင်မှားသူများလည်း အမြင်မှန်စေ၊ ကျွန်ုပ်တို့အပေါ် နားလည်မှု လွဲမှားသူများလည်း နားလည်မှု ရစေ၊ ဤသို့သော ကြည်လင်မှုဖြင့် နိုင်ငံ့အရေး ပူးပေါင်းလုပ်ဆောင်ရာတွင် ကျွန်ုပ်တို့သည် မိမိတို့ရယူလို သော အခွင့်အရေးများနှင့် ထမ်းရွက်လိုသော တာဝန်များကို လွှတ်တော်ပြင်ပတွင်သာမက လွှတ်တော် အတွင်း၌ပါ ဆောင်ရွက်လိုပါသည်။ ဒါကြောင့် ကျွန်ုပ်တို့ UNC ပါတီကို ကြည်ဖြူသူ၊ ပြည်သူ တို့၏ တစ်ခဲနက် ထောက်ခံမှုကို ယုံကြည်စွာ အားကိုး တောင်းခံရင်း ဒီပါတီစုံ ရွေးကောက်ပွဲကြီး ဆီသို့ရဲဝံ့စွာဝင်ရောက်လာပြီဖြစ်ပါကြောင်း မြတ်နိုးလေးစားစွာ အသိပေးအပ်ပါတယ် ခင်ဗျား - အားလုံးကို ကျေးဇူးတင်ပါတယ်။
လူ့အခွင့်အရေးစံနှင့်အညီ လူ့တန်ဖိုးစံမီစေဖို့
UNC ကို ထောက်ခံကြပါစို့။