နေပြည်တော် စက်တင်ဘာ ၂၁
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ပြန်ကြားရေးတာဝန်ခံ ဒေါ်ခင်နုက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ရှင်-
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်မကတော့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်ခင်နုဖြစ်ပါတယ်။ ပါတီရဲ့မူဝါဒ၊ သဘောထား လုပ်ငန်းစဉ်များကို ပြည်သူအပေါင်းအား တင်ပြခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ရှင်-
ဦးစွာပထမ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကို မိတ်ဆက်လိုပါတယ်။ ကျွန်မတို့ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးပါတီကို ၂၀၁၃ ခုနှစ် မတ်လ (၁၃) ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၆၃)ဖြင့် ဖွဲ့စည်းထူထောင်ခွင့်ရရှိပြီး၊ ပြည်ထောင်စု တစ်ဝှမ်းလုံး တွင် စည်းရုံးထားသည့် ပါတီတစ်ခု ဖြစ်ပါတယ်။ ပါတီရဲ့ဌာနချုပ်ကို အမှတ် (၂၄) ပထမထပ်၊ ၁၀၁ လမ်း၊ မင်္ဂလာတောင် ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ထားပါတယ်။
လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ရှင်-
ကျွန်မတို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီရဲ့ ရည်ရွယ်ချက်များကတော့-
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝှမ်းတွင် လူ့အခွင့်အရေး မှန်ကန်မျှတစွာရရှိရေး၊ စစ်မှန်ပြည့်ဝသော ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူ့အခွင့်အရေး ဆုံးရှုံးခံနေရသူများအား ကာကွယ်မြှင့်တင်ပေးရေးတို့ကို ဆောင်ရွက်ရန်။
၂။ ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းရာတွင် တစ်တပ်တစ်အား ပါဝင်ရန်။
၃။ နိုင်ငံတော်ရှိ တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှု တည်မြဲရေးအား အစဉ်သဖြင့် တည်တံ့ ခိုင်မြဲရေးကို ရည်ရွယ်သည့်အပြင် တိုင်းရင်းသား ညီနောင်အားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန်။
၄။ မြန်မာနိုင်ငံတွင် နိုင်ငံသားတစ်မျိုးတည်းသာရှိပြီး၊ တိုင်းရင်းသားပြည်သူ အားလုံးတန်းတူရည်တူ အခွင့်အရေး ရရှိရေးကို ရည်ရွယ်သော နိုင်ငံရေး ယဉ်ကျေးမှု “Political Culture” တစ်ရပ်တည်ထောင်ရန်။
၅။ နိုင်ငံတော်ရှိ တိုင်းရင်းသားလူနည်းစုအသီးသီးနှင့် ပြည်သူအားလုံး၏ စည်းလုံးညီညွတ်ရေးနှင့် တန်းတူညီမျှ ရှိရေးအတွက် ရေရှည်အာမခံချက်ရှိသော နိုင်ငံရေးဖြေရှင်းချက်များ ပေါ်ထွက်လာအောင် ဆောင်ရွက်ရန်။
၆။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအမြင်အယူအဆချင်းတူညီသော နိုင်ငံရေးပါတီများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ရန်။
လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ရှင်-
ကျွန်မတို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၏ ခံယူချက်များကို တင်ပြရလျှင်-
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရာ၌ နိုင်ငံသား တစ်ရပ်လုံး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် တန်းတူရည်တူ အခွင့်အရေးများ ရရှိစေရမည်ဟုခံယူသည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တရားဥပဒေစိုးမိုးသည့် စစ်မှန်သော ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှသာ မကြာသောကာလတွင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်လာမည်ဟု ခံယူသည်။
၃။ တိုင်းရင်းသားလူမျိုးစုအရေးကိစ္စများနှင့် လူ့အခွင့်အရေးကိစ္စများကို သက်ဆိုင်သူတို့ အားလုံးနှင့် ပူးပေါင်း၍ ဆွေးနွေး ညှိနှိုင်းဖြေရှင်းခြင်းဖြင့် အေးချမ်းသာယာသော နိုင်ငံတော်ကြီး ဖြစ်လာမည်ဟု ခံယူသည်။
၄။ မြန်မာပြည်သူပြည်သားများကို လူမျိုး၊ ဘာသာ၊ နေရာဒေသမရွေး၊ အသားအရောင် ခွဲခြားခြင်းမပြုဘဲ တူညီသောစံ၊ တူညီသော ဥပဒေများဖြင့်သာ အုပ်ချုပ်ရမည်ဟုခံယူသည်။ ဥပဒေကို ကျော်လွန်၍ အထက်အမိန့်အရဟု အုပ်ချုပ်သည့်စနစ်ကို ပြောင်းလဲနိုင်အောင် ကြိုးစားမည်။
၅။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ နေရပ်ပြန်လာခွင့်ရှိပြီး၊ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် တစ်တပ်တစ်အားပါဝင်ခွင့် ရရှိစေရမည်ဟု ခံယူသည်။
လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ရှင်-
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ချမှတ်သော လုပ်ငန်းစဉ်များအနက် အချို့ကို တင်ပြလိုပါ တယ်။
၁။ ပညာရေးကဏ္ဍ
(က) အခြေခံပညာမူလတန်းနှင့် အလယ်တန်းပညာရေးကို တစ်နိုင်ငံလုံး မသင်မနေရ သတ်မှတ်ပြီး၊ အထက်တန်း ပညာရေးကို အခမဲ့သင်ယူခွင့်ရရှိအောင်ကြိုးပမ်းမည်။
(ခ) အဆင့်မြင့်ပညာရေးကို စရိတ်စက သက်သာစွာဖြင့် သင်ယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်၊ အခြေခံပညာ အထက်တန်းအောင်မြင်ပြီး တက္ကသိုလ်၊ ကောလိပ်ပညာရပ်များကို ဆက်လက် သင်ကြားနိုင်အောင် ကြိုးပမ်းမည်။
(ဂ) အသက်မွေးဝမ်းကျောင်းပညာရေးများ ဘက်စုံထွန်းကားလာရေးအတွက် လိုအပ်သော ပညာရေးရန်ပုံငွေကို နိုင်ငံတော် ဘတ်ဂျက်မှ ပိုမိုရရှိနိုင်ရေး အတွက် ကြိုးပမ်းမည်။
(ဃ) ကမ္ဘာ့အသိအမှတ်ပြု ပညာရေး ဝန်ဆောင်မှုပေးနိုင်သော နိုင်ငံအဖြစ် ရောက်ရှိနိုင်ရေးအတွက် လိုအပ်သော အစီအမံများကို စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်မည်။
၂။ ကျန်းမာရေးကဏ္ဍ
(က) စရိတ်စက သက်သာစွာဖြင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေး ဝန်ဆောင်မှုကို ပြည်သူအားလုံး ခံစားခွင့် ရရှိအောင် ကြိုးပမ်းဆောင်ရွက်မည်။
(ခ) ကူးစက်ရောဂါအားလုံးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ကူးစက်ခံနေရ သူများအား ဆေးဝါးကုသ ပေးနိုင်အောင် ပြည်သူတစ်ရပ်လုံး ဦးဆောင်မှုပေးနိုင်သော စွမ်းရည် ရရှိအောင် ကြိုးပမ်းဆောင်ရွက်မည်။
(ဂ) ဆေးပညာရပ်များ၊ ဆေးဝါးကုသနည်းများ၊ ဆေးဝါးထုတ်လုပ်ရေး နည်းများနှင့် တိုင်းရင်းဆေးဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတကာအဆင့်မီလာစေရန် လိုအပ်သော အစီအမံ များကို ချမှတ်ဆောင်ရွက်မည်။
၃။ စီးပွားရေးကဏ္ဍ
(က) ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာပေါ်ပေါက်လာရေး၊ စက်ရုံအလုပ်ရုံများကို ဖိတ်ခေါ်၍ အလုပ်အကိုင် အခွင့်အလမ်းရရှိခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ လူမျိုးစုအလိုက်၊ ဒေသအလိုက် တန်းတူညီမျှသော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မည်။
(ခ) ရေတိုရေရှည်အကျိုးရှိမည့် "Micro, Macro" စီးပွားရေးလုပ်ငန်းများကို သဘာဝပတ်ဝန်းကျင် မပျက်စီးရန် အလေးထား၍ ဖော်ဆောင်တည်ဆောက် နိုင်အောင် ကြိုးပမ်းမည်။
၄။ တောင်သူလယ်သမားကဏ္ဍ
(က) တောင်သူလယ်သမားများသည် ဥပဒေနှင့်အညီ လယ်ယာမြေပိုင်ဆိုင်ခွင့် လွှဲပြောင်းပိုင်ခွင့်နှင့် ဆက်ခံပိုင်ခွင့်ရှိရမည်။
(ခ) မိရိုးဖလာ စိုက်ပျိုးရေးမှ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုလယ်ယာစနစ်သို့ ဆင့်ကဲဆင့်ကဲ အသွင်ကူးပြောင်း လာနိုင်အောင် ဆောင်ရွက်မည်။
(ဂ) မြေလွတ်မြေရိုင်းများကို ဖော်ထုတ်၍ မြေမဲ့ယာမဲ့လယ်လုပ်သားများ တရားဝင် လုပ်ကိုင်ခွင့် ရရှိအောင် ကြိုးစားမည်။
(ဃ) အကြောင်းအမျိုးမျိုးကြောင့် သိမ်းပိုက်ခံခဲ့ရသော မြေများအား မူလပိုင်ရှင်များ ပြန်လည် ပိုင်ဆိုင်ခွင့်ရရှိအောင် ဆောင်ရွက်မည်။
(င) စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးနှင့် အရည်အသွေးကောင်း လယ်ယာ ထွက်ကုန် ပစ္စည်းများ ထုတ်လုပ်ရေး လုပ်ငန်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်း၍ တောင်သူ လယ်သမားများ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်မည်။
(စ) တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှုများ၊ ရပိုင်ခွင့်များ၊ ပြဿနာအရေးကိစ္စများကို တောင်သူလယ်သမား အကျိုးအတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် တောင်သူလယ်သမားအဖွဲ့များ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်မည်။
၅။ အလုပ်သမားကဏ္ဍ
(က) အလုပ်သမားတိုင်းသည် ထိုက်တန်သော လုပ်ခလစာရရှိရေးနှင့် အလုပ် လက်မဲ့ဖြစ်ခြင်းမှ ကာကွယ်ရေးအတွက် ဆောင်ရွက်မည်။
(ခ) လူမျိုး၊ ဘာသာ၊ နေရာဒေသ၊ ကျား/မ ခွဲခြားခြင်းမခံရဘဲ တူညီသောအလုပ်အတွက် တူညီသောအခကြေးငွေရရှိရေး ဆောင်ရွက်မည်။
(ဂ) အဓမ္မအလုပ်ခိုင်းစေခြင်းနှင့် လုပ်ငန်းခွင်တွင် နှိပ်စက်ခြင်းများကို တားဆီးနိုင်ရန် ကြိုးပမ်းမည်။
(ဃ) အလုပ်သမားတိုင်း မိမိအကျိုးခံစားခွင့်ကို ကာကွယ်နိုင်ရန် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခွင့် ရရှိအောင် ကြိုးပမ်းမည်။
၆။ ကျောင်းသားလူငယ်ကဏ္ဍ
(က) လူငယ်များသည် တိုင်းပြည်၏ အဖိုးတန်ဆုံး အင်အားတစ်ရပ်ဖြစ်သည့် အားလျော်စွာ နိုင်ငံ၏အနာဂတ်ဖြစ်သော လူငယ်များ၏ စွမ်းရည် ဖော်ထုတ်ရေးကို ဦးစားပေးဆောင်ရွက်မည်။
(ခ) ကျောင်းသားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုလျက် ကျောင်းသားသမဂ္ဂများကို ဥပဒေနှင့်အညီ ဖွဲ့စည်းခွင့် ရရေးကို အားပေးမည်။
၇။ တရားရေးကဏ္ဍ
(က) တရားစီရင်ရေးမဏ္ဍိုင်ကို ဒီမိုကရေစီစံနှင့်ကိုက်ညီ၍ လွတ်လပ်စွာ ရပ်တည်စေရန် ကြိုးပမ်းမည်။
(ခ) တရားသူကြီးများသည် ဥပဒေပြဋ္ဌာန်းချက်များကိုသာ လိုက်နာကျင့်သုံး၍ လွတ်လပ်မှန်ကန်စွာ တရားစီရင်ခွင့် ရရှိစေရမည်။
(ဂ) အုပ်ချုပ်ရေးမဏ္ဍိုင်နှင့်သက်ဆိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမျှ တရားရေးအာဏာ မအပ်နှင်းရ၊ ဝင်ရောက် စွက်ဖက်ခွင့် မပြုရအောင် ကြိုးပမ်းမည်။
(ဃ) တရားရုံးအဆင့်ဆင့်၏ တရားစီရင်ရေးနှင့်တကွ စီရင်ချက်များကို အများပြည်သူတို့၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။
(င) ပြစ်မှုများအတွက် စွပ်စွဲခံနေရသူများအား ဥပဒေနှင့်အညီ ခုခံချေပခွင့်အပြည့်အဝ ပေးရမည်။ အယူခံပိုင်ခွင့်ရှိရမည်။ မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေများ နောက်ကြောင်းပြန်၍ အာဏာ သက်ရောက်မှု မရှိစေရ။
(စ) ဥပဒေအရ ပြစ်မှုထင်ရှားစီရင်ခြင်း မရှိသေးသမျှ မည်သူ့ကိုမဆို အပြစ်ကင်းသည်ဟု မှတ်ယူရမည်။
(ဆ) လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေမည့် စစ်ဆေးမှု၊ အပြစ်ပေးမှု၊ ပြစ်ဒဏ် ခံစားစေမှုများ မပြုလုပ်ရ။
(ဇ) ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အပြစ်ပေးအရေးယူရာတွင် ပြစ်မှုကျူးလွန်သူနှင့် ပတ်သက်သော ဆွေမျိုးမိသားစု၊ လူမျိုးစု၊ ကိုးကွယ် သည့် ဘာသာ သာသနာအပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သက်ရောက်မှု မရှိစေရ။
၈။ အုပ်ချုပ်ရေးကဏ္ဍ
(က) တရားဥပဒေ စိုးမိုးသော၊ ပွင့်လင်းမြင်သာသော၊ တာဝန်ခံမှုရှိသော၊ အကျင့်ပျက်မှု ကင်းသော၊ လူမျိုး/ဘာသာ ဒေသစွဲကင်းသော၊ ဒီမိုကရေစီကျသော၊ တရားမျှတမှုရှိသော အုပ်ချုပ်ရေးယန္တရားဖြစ်ပေါ်စေရန် ကြိုးပမ်းတည်ဆောက်မည်။
(ခ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းစံထားနှင့် မကိုက်ညီသော ဥပဒေရေးရာ ရှုပ်ထွေးမှုဖြစ်စေသော အုပ်ချုပ်ရေးယန္တရား မဖြစ်ပေါ်စေရန် ကြိုးပမ်း တည်ဆောက်မည်။
၉။ နိုင်ငံခြားရေးကဏ္ဍ
(က) နိုင်ငံတကာနှင့် ဆက်ဆံရာတွင် တက်ကြွပြီး လွတ်လပ်၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးမည်။
(ခ) နိုင်ငံတကာနှင့် ဆက်ဆံရာတွင် လူထုအခြေပြုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို အထူးအလေးပေး ဆောင်ရွက်မည်။
၁၀။ တိုင်းရင်းသားလူမျိုးများကဏ္ဍ
(က) တိုင်းရင်းသားလူမျိုးများအားလုံး၏ တန်းတူရည်တူ အခွင့်အရေးများကို အသိအမှတ ်ပြုခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း၊ တစ်ဦး၏အယူအဆ ယဉ်ကျေးမှု ထုံးဓလေ့များကို တစ်ဦးက လေးစားခြင်း၊ အခြေခံလူ့အခွင့်အရေး လေးစားလိုက်နာခြင်းဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုရရှိအောင် ကြိုးပမ်း အားထုတ်မည်။
(ခ) တိုင်းရင်းသားလူမျိုးများအားလုံး၏ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း အားထုတ်မည်။
(ဂ) တိုင်းရင်းသားလူမျိုးအချင်းချင်း အမြင်ချင်းဖလှယ်ခြင်း၊ နိုင်ငံရေးလုပ်ငန်း စဉ်များတွင် ပူးပေါင်းခြင်းဖြင့် တိုင်းရင်းသားများ အတွင်း ယုံကြည်ချစ်ကြည်မှုရအောင် ကြိုးပမ်း အားထုတ်မည်။
(ဃ) တိုင်းရင်းသားနယ်မြေအသီးသီးတွင် စီးပွားရေးအခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ လွတ်လပ်စွာဆောင်ရွက်ခြင်း၊ ဆင်းရဲမှုပပျောက်ရေး၊ တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ်များ မြှင့်တင်ခြင်းဖြင့် အကျိုးပြုနိုင်ရန် ကြိုးပမ်းမည်။
(င) တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခြေခံအခွင့်အရေးများ ပြည့်ဝစွာ ခံစားခွင့်ရရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးတို့ အတွက် ပူးပေါင်းကြိုးပမ်းမည်။
(စ) တိုင်းရင်းသားလူမျိုးများ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် လေးနက်သော နိုင်ငံရေးဖြေရှင်း ချက်တစ်ရပ် ရရှိလာအောင် ကြိုးပမ်း မည်။
(ဆ) တိုင်းရင်းသားလူမျိုးများ၏ တိမ်ကောနေသော သမိုင်းနှင့်ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည်။
(ဇ) မည်သည့်တိုင်းရင်းသားလူမျိုးကိုမဆို ကွဲပြားခြားနားသော ဘာသာရေး၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို အခြေခံ၍ အခြေခံအခွင့်အရေးများ ပိတ်ပင်ခြင်းမပြုနိုင်အောင် အားထုတ်မည်။
၁၁။ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ
(က) တပ်မတော်သည် နိုင်ငံတော်တွင် မရှိမဖြစ်လိုအပ်သော အဖွဲ့အစည်းဖြစ်သည့် အားလျော်စွာ စွမ်းရည်ထက်မြက် သော၊ နည်းပညာပိုင်းဆိုင်ရာ တိုးတက်သော၊ စွမ်းရည်မြင့်မား သော တပ်မတော်ကြီးဖြစ်ရန် အားပေး ကူညီမည်။
(ခ) ပြည်သူချစ်သော၊ ပြည်သူ၏ယုံကြည်ကိုးစားမှုကို ခံထိုက်သော တပ်မတော်ကြီးဖြစ်ရန် အားပေးကူညီမည်။
(ဂ) ရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊ နိုင်ငံတကာစံနှုန်းများနှင့် အညီ မိမိ၏တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူအများအားထားရသော ရဲတပ်ဖွဲ့ဖြစ်လာ စေရန် အားပေးကူညီမည်။
လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ရှင်-
ကျွန်မတို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၏ “Logo” အမှတ်တံဆိပ်က ရှေ့တွင်ဖော်ပြ ထားသည့်အတိုင်း ချိန်ခွင် အမှတ်တံဆိပ်ဖြစ်ပြီး၊ နိုင်ငံသားအားလုံး တန်းတူညီမျှရေးကို ဖော်ဆောင်သော သင်္ကေတဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်တင်ပြအပ်ပါတယ်ရှင်။
မြန်မာပြည်သူပြည်သားများ ကပ်ရောဂါအပေါင်းမှကင်းဝေးပြီး ကျန်းမာ ရွှင်လန်းပါစေကြောင်း မေတ္တာပို့သအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။