Skip to main content

မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၂၁

မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

လေးစားရပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျား-

ကျွန်တော်က မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး ဖြစ်ပါတယ်။

ယနေ့နိုင်ငံတော်ရုပ်မြင်သံကြားမှ ပြည်သူများသို့ တိုက်ရိုက်ပြောကြား တင်ပြခွင့်ရတဲ့အတွက် ဝမ်းသာကြည်နူးရပါတယ်ခင်ဗျာ။

ယခု ကျွန်တော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေလေးကို တင်ပြချင်တာက ကျေးလက်နေ ပြည်သူများရဲ့ဘဝ၊ မြို့ပြနေ ပြည်သူများရဲ့ ဘဝကို ဦးစားပေးတင်ပြလိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လူဦးရေသန်း(၅၀)ကျော်ရှိ သည့်အနက် ၇၀% ဟာ ကျေးလက် ဒေသမှာ နေထိုင်ကြပြီး အဲ့ဒီသူတွေထဲမှ ၅၀ % ဟာ စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်နေကြသူများ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်က ပြည်သူတွေရဲ့ဝင်ငွေဟာ တိုးတက်မှုနှေးကွေးနေသော်လည်း ကုန်ဈေးနှုန်းတက်သည့်နှုန်းမှာ မြင့်မား နေသည်ကို မည်သူမျှငြင်း လို့ မရကြပါဘူးခင်ဗျား။

ကျေးလက်နေပြည်သူများရဲ့ဘဝဟာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှေးကွေး နေတာကြောင့် ကျေးလက်မှ (အိမ်နီးချင်း) ပြည်ပနိုင်ငံများကို မိတကွဲဖတကွဲ သွားရောက် လုပ်ကိုင်နေကြရတဲ့အတွက် လူငယ်တွေရဲ့ ဘဝအချိန်တော်တော် များများကို သူများတိုင်းပြည်အတွက် သွားရောက်ပေးဆပ်ပြီး ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းနေကြရပါတယ်။ အဓိက ကတော့ ကျေးလက်တွေမှာ အလုပ်အကိုင်ရှားပါးမှုကြောင့်ပါပဲ။ ကျေးလက်မှာနေသော်လည်း လယ်သမားကနည်းနည်း လယ်လုပ်သားက များများ ဖြစ်နေကြပါတယ်။

ဒါကြောင့် ကျွန်တော်တို့ပါတီရဲ့ မူဝါဒက လယ်မရှိတဲ့သူက စိုက်ပျိုးရေးထက် မွေးမြူရေးကို လုပ်နိုင်ဖို့ ကူညီသွားမှာဖြစ်ပါတယ်။ ဥပမာ လယ်တစ်ဧက စိုက်ပျိုးတဲ့နှုန်းနဲ့ ဝက်တစ်ကောင် မွေးတဲ့နှုန်းဟာ ဝက်မွေးတဲ့ သူကမှ (၃)လ ကျော် (၄)လဆိုရင် သေချာပေါက် မြတ်တော့မယ် ဆိုတာ တွက်ချက်လို့ ရပါတယ်။ လယ်သမားက ထွက်လာတဲ့သီးနှံ ကောင်းပါ့မလား၊ ရောင်းရပါ့ မလား၊ ကြွေးတင်တော့မှာလား ဆိုတဲ့ သောကစိတ်များ ဖိစီးနေတာ ကျေးလက်နေပြည်သူတွေ အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျေးလက်ပြည်သူ အပေါင်းတို့ကို တိုက်တွန်းချင်တာက စိုက်ပျိုးရေးသီးသန့်ချည်းပဲ မလုပ်ဘဲ မွေးမြူရေးကိုပါ တွဲဖက် လုပ်ကိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။ မွေးမြူရေးလုပ်ဖို့ ကျွန်တော်တို့ပါတီက အားသွန်ခွန်စိုက် ကူညီပေးဖို့ ကတိပြုပါတယ်။ မြို့ပြနေ ပြည်သူများကလည်း ဝိုင်းဝန်းအားပေးဖို့ လိုအပ်ပါတယ်၊ ဒါတွေက ငါတို့နဲ့ မဆိုင်ဘူးလို့ မမှတ်ပါနဲ့၊ ကျေးလက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး အားနည်း လာတာနဲ့အမျှ မြို့ပြရဲ့ သားဈေး၊ ငါးဈေး၊ သီးနှံဈေးတွေ မြင့်မားစွာနဲ့ ဝယ်ယူ စားသုံးကြရမှာဖြစ်တဲ့အတွက် မြို့ပြနေပြည်သူများကို တိုက်ရိုက်ခံစားရမှာ ဖြစ်ပါတယ်။

ပညာရေးကိုပြောကြားလိုတာက ယခုမြန်မာနိုင်ငံရဲ့ ပညာရေးစစ်တမ်းကို ကြည့်လိုက်မယ် ဆိုရင် စာမတတ်တဲ့ ကလေးငယ်များ၊ လူငယ်၊ လူရွယ်များဟာ များပြားနေတာကို တွေ့နေရပါ တယ်။ တိုင်းပြည်လူဦးရေရဲ့ ၃ ပုံ ၁ ပုံခန့်က ပညာရေး အားနည်းနေတဲ့ လူတွေဖြစ်နေ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံတော်ကြီးရောက်ဖို့ ခက်ခဲမယ်ဆိုတာ သဘောပေါက်စေ ချင်ပါတယ်ခင်ဗျာ။ ဒါကြောင့် စက်ရုံအလုပ်ရုံကြီးများထက် ဈေးကွက်ပိုမိုကြီးမားတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်အောင် အဓိကဖော်ဆောင် ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှာ နိုင်ငံရေးသမား စစ်စစ် တစ်ယောက်မှမရှိပါဘူး၊ လယ်သမားထုအတွက် စုပေါင်းထူထောင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ကိုယ်လုပ်မှကိုယ်ရမှာမို့လို ကျွန်တော်တို့ အခြေခံလူတန်းစား နဲ့ လယ်သမားများ ကိုယ့်အကြောင်းကိုယ် ပြောနိုင်ဖို့ လယ်သမားကိုယ်စားလှယ်တော်တွေကို မဲပေးပြီး လွှတ်တော်ထဲ အရောက် ပို့ရမှာဖြစ်ပါတယ်။

လွှတ်တော်ကြီးကတရားမျှတစွာနဲ့ လွှတ်တော်ထဲမှာ ထိုင်ခုံတွေ ခင်းပေးထားပါတယ်။ ဒီမိုကရေစီအရေးကို ပြောမယ့်လူတွေ အတွက် ခုံတွေခင်းထား သလို ကာကွယ်ရေးအကြောင်း ပြောမယ့်သူတွေအတွက်လည်း ခုံတွေခင်းပေးထား ပါတယ်။ ဥပဒေအကြောင်း၊ တရားရေး အကြောင်း၊ အလုပ်သမားအကြောင်း၊ ပညာရေး၊ ကျန်းမာရေးအကြောင်းတွေ ပြောဆိုနိုင်မယ့် လူတွေအတွက်လည်း ခုံတွေခင်းပေးထားသလို လယ်သမားများအတွက်လည်း ခုံတွေခင်းပေး ထားပါတယ်။ ဒါကြောင့် အခြေခံလူတန်းစားလယ်သမားများလည်း လွှတ်တော်ထဲကို ရဲရဲဝံ့ဝံ့ဝင်ထိုင်ပြီး ကိုယ့်အကြောင်းကို ပြောနိုင်အောင် လယ်သမားများက ကိုယ့် ကိုယ်စားလှယ်လောင်းကို အရောက်တွန်းပို့ပေးကြပါလို့ တိုက်တွန်း လိုက်ပါတယ်။

လယ်သမားကိုယ်စားလှယ်တော်ကြီးများကို ပြောကြားလိုသည်မှာ နိုင်ငံရေး ကျွမ်းကျင်စရာ မလိုပါဘူး ခင်ဗျာ။ လွှတ်တော်ထဲမှာ ကိုယ့်အရပ်၊ ကိုယ့်ဒေသ၊ ကိုယ့်ပြည်သူတွေအတွက် ကျွန်တော်တို့ မြို့နယ်မှာ ဘယ်လောက် ခက်ခဲ ကျပ်တည်း နေပါတယ်၊ ဘာဖြစ်ချင်ပါတယ်၊ ဘာလုပ်ပေးပါ ဆိုတဲ့ စကားကို သတ္တိရှိရှိလွှတ်တော်ထဲမှာ သွားပြောပေးမယ့်လူဖြစ်ဖို့ လိုပါတယ်။ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘဲနဲ့ ပြည်သူ့မျက်နှာကိုသာကြည့်ပြီး တင်ပြဖို့ လိုပါတယ်။

နိုင်ငံတော်ဆိုတာ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့နေရာပါ။ အစိုးရဆိုတာ ပြည်သူကို စောင့်ရှောက်ဖို့ ပြည်သူက အပ်နှင်းထားတဲ့အဖွဲ့ပါ။ ကိုယ့်ရဲ့ဘဝကို အပ်ထားရတဲ့သူကို ချစ်ပဲချစ်ချင်ပါတယ်။ မကြောက်ပါရစေနဲ့လို့ ပြည်သူအားလုံးက ဆုတောင်းနေပါတယ်။ ကျွန်တော်တို့ အခုလုပ်နေတာ တကယ့်နိုင်ငံရေး မဟုတ်သေးပါဘူး။ ပြည်သူလူထုကတော့ နေပူထဲမှာ ဆင်းရဲမြဲဆင်းရဲ၊ စိတ်ပင်ပန်း လူပင်ပန်းနေတာတွေ မပြောင်းလဲသေးပါဘူး။ တိုင်းပြည်ရဲ့ နိုင်ငံရေးသမားစစ်စစ်ဆိုတာ ပြည်သူလူထု စိတ်ချမ်းချမ်း သာသာနဲ့ ဘဝတိုးတက်မြင့်မားအောင် ပြောင်းလဲပေးနိုင်ရမှာဖြစ်တယ်။

နောက်တင်ပြလိုသောအချက်မှာ မြို့နယ်များနဲ့ ကျေးလက်တို့တွင် နေထိုင်ကြသော အခြေခံလူတန်းစားတွေမှာ ရောဂါဖြစ်ပြီး နေမကောင်းလို့ ဆေးရုံ၊ ဆေးခန်းသွားရမယ်၊ တက်ရ မယ်ဆိုလျှင် ငွေရေးကြေးရေး များစွာ ခက်ခဲပြီး ဝေဒနာထက် ငွေကြောင့် စိတ်ဆင်းရဲမှုက ပိုမိုနေတယ်ဆိုလျှင် ငြင်းလို့ မရပါဘူးခင်ဗျာ။ ဒါကြောင့် အခြေခံလူတန်းစားများအတွက် စုပေါင်းဆေးကုခြင်းဆိုတဲ့ စနစ်ကိုလုပ်ပေးပြီး လူတစ်ယောက်လျှင် တစ်လ ဘယ်လောက် ထည့်ဝင်ပါ၊ ဘဝတစ်လျှောက်လုံးမှာ ကိုယ့်သားသမီးအတွက်၊ ကိုယ့်မိဘအတွက်၊ ကိုယ့်ဇနီးအတွက် ကျန်းမာရေးစရိတ် လုံးဝမပူပင် ရအောင် စုပေါင်းဆေးကုခြင်း ဆိုတဲ့ စနစ်ကိုလည်း အလျင်အမြန် ထူထောင်ပေးမှာဖြစ်ပါတယ်။ အချိန်မရတဲ့အတွက် အသေးစိတ် မရှင်းပြနိုင်တာ ခွင့်လွှတ် စေချင်ပါတယ်။ မြန်မာနိုင်ငံသားအားလုံး ကျန်းမာရေးအာမခံရှိရန် ရည်ရွယ် ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လယ်သမားပါတီကြီးက လယ်သမားတွေဘဝ လွတ်လပ်အောင် တိုးတက်အောင် ဆင်းရဲတွင်းက တက်လာပြီး လွှတ်တော်ထဲ အစိုးရအဖွဲ့ထဲရောက်အောင် ကိုယ့်ဘဝလူတစ်လုံးသူတစ်လုံး ဖြစ်အောင် လွတ်မြောက်ရေး ကြိုးကြီးချပေးတာကို ကြိုးဆွဲပြီး ဝီရိယကလေးစိုက်ကာ အပေါ်ဆွဲတက်ခဲ့ပါလို့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက အခြေခံ လယ်သမားထုကြီးကို အလေးအနက်တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

တိုင်းရင်းသားညီအစ်ကိုများ(ပါတီ၏ သီချင်း)

တေးရေး/တေးဆို - ဦးအုန်းလွင်

ကြာမြင့်ချိန် ၄ မိနစ် ၅ စက္ကန့်

ဘူး ဖရုံ သခွား ပဲ ငရုတ်ပါ အမြဲလုပ်ကိုင်ရှာ . . .

တောင်ယာကို မောင်စောင့်ကာ ခေါင်ရည်ကိုသောက်အုံးမှာ

(ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ဗမာ တို့ညီအစ်ကိုများ

တောင်ပေါ်မြေပြန့်က သွေးရင်းသားရင်း တောင်သူလယ်သမား)၂

တို့ညီအစ်ကိုများ

စုစည်းအား လက်တွဲထား ... တောင်သူလယ်သမားအကျိုးစီးပွား

(တိုးတက်ဖို့ မျှော်မှန်းရည် ကြိုးစားလို့ ဆောင်ရွက်မည်)၂

တို့လယ်သမား တိုးတက်လာ စိုက်ပျိုးရေးနည်းပညာ

စက်မှုလယ်ယာ တစ်ခေတ်ပြောင်းကာ သီးနှံတွေအထွက်တိုးမှာ

တို့လယ်သမား တိုးတက်လာ ခေတ်နဲ့အညီလိုက်မှာ

သီးနှံတွေအထွက်တိုးလာ ကမ္ဘာ့စပါးကျီဖြစ်အုံးမှာ

(ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ဗမာ တို့ညီအစ်ကိုများ

တောင်ပေါ်မြေပြန့်က သွေးရင်းသားရင်း တောင်သူလယ်သမား)၂

တို့ညီအစ်ကိုများ

စုစည်းအား လက်တွဲထား ... တောင်သူလယ်သမားအကျိုးစီးပွား

(တိုးတက်ဖို့ မျှော်မှန်းရည် ကြိုးစားလို့ ဆောင်ရွက်မည်)၂