Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၁၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုခန်းမပြုပြင်ခြင်းလုပ်ငန်းများ၊ အုပ်ချုပ်မှုရုံးအဆောက်အအုံများ၊ ကပွဲခန်းမ၊ အဆောက်အအုံဆေးသုတ်ခြင်းလုပ်ငန်းများနှင့် ရေ၊ မီးရရှိရေးစသည့် ဆောင်ရွက်ဆဲလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီစေရန်၊ အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် အရာထမ်း၊ အမှုထမ်းအိမ်ရာများ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ တည်ဆောက်ပြုပြင်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားယဉ်ကျေးမှုရိုးရာအိမ်များကို ၎င်းတို့၏ မူလရိုးရာအစဉ်အလာများ မပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရန်မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အချို့သောသမိုင်းဝင်မှတ်တမ်းများကို တစ်နေရာတည်းတွင် စုစည်း၍ လေ့လာသိရှိမှတ်သားနိုင်စေရန် မီးမောင်းထိုးပြသဖော်ကျူးထားသည့်နေရာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှု ပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်းနှင့် လာရောက်လေ့လာကြည့်ရှုသည့် ပြည်သူလူထုကိုလည်း စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စနစ်တကျရှင်းလင်းတင်ပြတတ်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်လိုသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကမာရွတ်မြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာ စကားပြောကြားသည်။

ထို့နောက် ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဌာနဆိုင်ရာလုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်