နေပြည်တော် နိုဝင်ဘာ ၃
တပ်ကုန်း၊ ကျိုက်ထိုနှင့် နမ့်စန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီတွင် တပ်ကုန်းမြို့နယ် သဖန်းချောင်းကျေးရွာအုပ်စု သဖန်းချောင်းကျေးရွာအနီးတွင် အောင်ဇော်မင်း(ခ)အောင်မင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ကိုလည်းကောင်း၊ အလားတူ နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာအုပ်စု မရမ်းချောင်ကျေးရွာအနီးတွင် အေးမင်းပိုင်မောင်းနှင်လာသည့် TOYOTA PASSO အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကိုလည်းကောင်း၊ ထို့အတူ နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီတွင် ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့ ရပ်ကွက်(၄) စွယ်တော်လမ်းနေ ရဲရင့်အောင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၀ နာရီတွင် နမ့်စန်မြို့ ရပ်ကွက်(၄) စွယ်တော်လမ်းနေ မျိုးဝင်းထွန်း(ခ)ကိုလင်း၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကိုလည်းကောင်း၊ နံနက် ၁၁ နာရီတွင် နမ့်စန်မြို့နယ် အမှတ်(၅)ကျေးရွာအုပ်စု အမှတ် (၇) ကျောက်တောင်နေမရီ၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်