နေပြည်တော် အောက်တိုဘာ ၂၁
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ကြားသိရပါသည်-
ကျွန်တော် ဟိုအရင်အပတ်စဉ်တွေကတည်းက ပါချင်နေခဲ့တာပါ။ ဒါပေမယ့် ကိုယ်ကျတဲ့အပတ်စဉ် (၆) မှာကျတော့လည်း အပတ်စဉ် (၆) မှာ ကျွန်တော်တက်တာပါဗျ။ မိဘတွေကတော့ ဂုဏ်ယူပါတယ်ဗျ။ ကျွန်တော် ဒီသင်တန်းကို ရောက်လာတာကတော့ အရင်က တစ်ယောက်တည်းပါ။ ဒီသင်တန်းမှာတော့ သူငယ်ချင်းပေါင်း အယောက် ၂၀၀ ကျော်လောက်ထိရခဲ့ပါတယ်။ အခု ကျွန်တော်တို့ ကျသင့်တဲ့တာဝန်ကို ကျွန်တော်တို့ထမ်းဆောင်သွားမှာပါ။ ကိုယ့်မိသားစုအတွက် မဟုတ်ပါဘူး။ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်သွားမှာပါ။
ကျွန်တော်ပြည်သူ့စစ်မှုထမ်း လာရောက်တတ်ရောက်ရတာ ကျွန်တော် ပျော်လည်းပျော်ပါတယ်ဗျ။ ကျွန်တော်ဒီထဲကို ရောက်တာကလည်း ကျွန်တော့်ရဲ့အပေါင်းအသင်းတွေနဲ့လည်း၊ ကျွန်တော့်ရဲ့သူငယ်ချင်းတွေနဲ့လည်း တွေ့ရတဲ့အတွက်လည်း အလွန်ကိုဝမ်းသာပါတယ်ဗျ။ ဒီသင်တန်းက သင်ကြားပေးမယ့် စစ်နည်းစနစ်တွေကိုလည်း ကျွန်တော် ဆုတွေရအောင်လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သင်တန်းဆင်းသွားမယ့်အချိန်မှာလည်း ကျတဲ့နေရာမှာ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
သတင်းစဉ်