Skip to main content

ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားနှင့် အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး (၁/၂၀၂၄) ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၄

အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီးမှ နိုင်ငံတကာစံချိန်စံညွှန်းရေးဆွဲသည့် ပညာရှင်များနှင့် ပြည်တွင်းရှိ မြန်မာစံချိန်စံညွှန်းများ ပေါ်ထွက်လာစေရန် ပါဝင်ဆောင်ရွက်သူများကို ဂုဏ်ပြုရန် ရည်ရွယ်၍ ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို (၁၂) ကြိမ်မြောက်အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရုံးအမှတ် (၂၁)  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ အမျိုးသား စံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ယခုနှစ် ကမ္ဘာ့စံချိန်စံညွှန်းနေ့ (၂၀၂၄) ၏ ဆောင်ပုဒ်မှာ “Achieving Industry, Innovation and Infrastructure through Artificial Intelligent (AI)” (ဉာဏ်ရည်တုနည်းပညာ (AI) ဖြင့် စက်မှုလုပ်ငန်း၊ ဆန်းသစ်တီထွင်မှုနှင့် အခြေခံအဆောက်အအုံများ ကောင်းမွန်စွာ ရရှိစေရန်) ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများသည် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သောကြောင့် ဉာဏ်ရည်တု (AI) နည်းပညာဖြင့် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများကို အရှိန်မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် မြန်မာစံချိန်စံညွှန်း ၈၁၉ ခုကို အတည်ပြုချမှတ်နိုင်ခဲ့ပြီး ပြည်တွင်းရှိ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ရပ်လုံးတွင် စံချိန်စံညွှန်းများနှင့်အညီ ကျင့်သုံးခြင်းဖြင့် မိမိတို့၏ထုတ်ကုန်များ အရည်အသွေးပြည့်မီပြီး နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိစေခြင်းကြောင့် ကုန်သွယ်မှုတွင်လွယ်ကူချောမွေ့စေပြီး ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း အဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Sergio Mujica ၏ ကမ္ဘာ့စံချိန်စံညွှန်းနေ့ ဂုဏ်ပြုစကားနှင့် ကမ္ဘာ့စံချိန်စံညွှန်းနေ့ (၂၀၂၄) ဆိုင်ရာ ဗီဒီယိုပြသသည်။

အခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များဖြစ်ကြသော ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စံချိန်စံညွှန်းလုပ်ငန်းကော်မတီဝင်များ၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ UMFCCI နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ MSMEs အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးဆိုင်ရာအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်၍ အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၁/၂၀၂၄) ကို Hybrid စနစ်ဖြင့် ကျင်းပရာ အမျိုးသားစံချိန်စံညွှန်းကောင်စီ အစည်းအဝေး (၁/၂၀၂၃) ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အများပြည်သူသဘောထားမှတ်ချက်ရယူပြီး စံချိန်စံညွှန်းလုပ်ငန်းကော်မတီမှ စိစစ်တင်ပြလာသော မြန်မာစံချိန်စံညွှန်း နောက်ဆုံးအဆင့် မူကြမ်း(၇၀) ကို မြန်မာစံချိန်စံညွှန်းအဖြစ် အတည်ပြုသတ်မှတ်နိုင်ရေး၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီများမှ အဆိုပြုအဆင့်နှင့် နည်းပညာဆပ်ကော်မတီအဆင့်နှင့် Public comment အဆင့်တွင်ရှိသော မြန်မာစံချိန်စံညွှန်းမူကြမ်း (၈၃) ခု၊ မြန်မာစံချိန်စံညွှန်းများ ရောင်းချရာတွင် International ၊ Regional၊ WTO/TBT Agreement တို့နှင့် ကိုက်ညီစေရန် Soft Copy ဖြင့် ရောင်းချနိုင်ရေးနှင့် ဝန်ကြီးဌာနအသီးသီးမှ အရည်အသွေးအခြေခံအဆောက်အအုံ ခိုင်မာ အားကောင်းစေရေးအတွက် ဆောင်ရွက်ချက်များကို ဆွေးနွေးကြသည်။ အမျိုးသားစံချိန်စံညွှန်း ကောင်စီဝင်များမှ နောက်ဆုံးအဆင့် မူကြမ်း (၇၀) ကို မြန်မာစံချိန်စံညွှန်းများအဖြစ် သတ်မှတ်ခြင်းနှင့် မြန်မာ စံချိန်စံညွှန်းများကို နိုင်ငံတကာနည်းတူ Soft Copy ဖြင့် ရောင်းချနိုင်ရေးတို့ကို အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်