ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အနုပညာတို့ ခေတ်အဆက်ဆက်ပေါ်ထွက်ထွန်းကားခဲ့ကြရာတွင် ထီးရိပ်နန်းရိပ်မှသာမက မြစ်တွင်း၊ ချောင်းတွင်း၊ လယ်ကွင်း၊ ယာခင်း၊ တောတွင်း၊ တောင်ပေါ်၊ နယ်ရွာကျေးလက်တို့မှလည်းပါဝင်သည်။ အနုပညာရှင်သည် ဘဝအတွေ့အကြုံတစ်ခုခုကို ခံစားမိသည့်အခါတွင် အနုပညာပစ္စည်းတစ်ခုခုကို ထုတ်လုပ်လေ့ရှိသည်။ ယင်းအနုပညာတို့အနက်မှအချို့သည် တစ်မျိုးသားလုံးပိုင်ဆိုင်သည့် အမွေအနှစ်များအဖြစ် ခေတ်ကာလများစွာကို ကျော်လွန်ဖြတ်သန်းတည်တံ့သည်။
ရှည်ကြာသည့်သမိုင်းရှိသော မိမိတို့နိုင်ငံသည် ကိုယ်ပိုင်အက္ခရာ၊ ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာတို့ ကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ တိုင်းရင်းသားပေါင်းစုံ၊ အရောင်အသွေးစုံစွာ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ တစ်မူထူးခြားသော ဝိသေသကိုယ်စီ ပိုင်ဆိုင်ထားကြသည်။ ယဉ်ကျေးမှု အနုပညာများကလည်း ပန်းပေါင်းစုံဝေဆာဖူးပွင့်နေသည့် ဥယျာဉ်ကြီးတစ်ခုပမာ တည်ရှိနေသည်။ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာတို့၏ပတ်ဝန်းကျင်၌ ခေတ်အဆက်ဆက်ဖန်တီးခဲ့ကြသည့် အနုသုခုမပညာရပ်တို့က ချစ်ခင်နှစ်သက်ခြင်း၊ အေးချမ်းသာယာခြင်း၊ ကြင်နာသနားခြင်း၊ ရယ်မောရွှင်ပျခြင်း၊ အံ့ဩဝမ်းမြောက်ခြင်း၊ ရဲရင့်တက်ကြွခြင်းစသည့် ရသအမျိုးမျိုးတို့ဖြင့် ခံစားမှုများ ပေးစွမ်းခဲ့ကြသည်။ အနုပညာ၏စွမ်းပကားသည် ရသခံစားမှုကိုပေးစွမ်းနိုင် ခြင်းပင်ဖြစ်သည်။ အနုပညာရှင်များသည် နိုင်ငံနှင့်လူမျိုးအတွက် လိုအပ်လာသည့်အခါ မိမိတို့၏စွမ်းပကားဖြင့် သမိုင်းပေးတာဝန်ကို ကျေပွန်ခဲ့ကြသည်။ သာမန်အားဖြင့် သင်္ဂါရ ရသ၊ သန္တရသတို့အပေါ် တွင် အာရုံညွှတ်နူးလေ့ရှိကြသည့် အနုပညာရှင်တို့သည် သမိုင်းရေးလိုအပ်ချက်အရ အနုပညာအစွမ်းဖြင့် ပြည်သူလူထုကို စည်းလုံးစေသည်၊ ညီညွတ်စေသည်။ ရဲရင့်တက်ကြွစေသည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ ထက်သန်စေသည်။
ပစ္စက္ခတွင် မိမိတို့နိုင်ငံသည် ခက်ခဲကြမ်းတမ်းမှု၊ စိန်ခေါ်မှုများနှင့်အခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရသည်။ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထုအားလုံးတို့ လိုအပ်သည်မှာ၊ အလိုရှိသည်မှာ ဤအခြေအနေမျိုးမဟုတ်။ ပြည်ထောင်စုနိုင်ငံတော်ကြီးတစ်ခုလုံးတွင် အကြားအလပ်မရှိ အေးချမ်းသာယာစေလိုသည်။ ငြိမ်းချမ်းစေလိုသည်။ အပြန်အလှန်နားလည်ခြင်း၊ ချစ်ခင်ရင်းနှီးခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ရိုင်းပင်းကူညီခြင်းတို့ဖြင့် နိုင်ငံတစ်ဝန်းလုံးသည် မိသားစု၏ ကိုယ့်အိမ်ကိုယ့်ရာသဖွယ်နေလိုသည်။ ညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်းမှတစ်ဆင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ သာယာဝပြောအောင်၊ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားလိုသည်။ သို့ရာတွင် ပြည်သူတို့၏ ဆန္ဒနှင့်ဆန့်ကျင်စွာပင် အဖျက်အင်အားစုများက နိုင်ငံပြိုကွဲပျက်စီးအောင်၊ တိုင်းရင်းသားညီအစ်ကိုများအကြား အထင်အမြင်လွဲမှားအောင်၊ အမုန်းပွားကာ အမျက်ဒေါသတို့ထွက်ပေါ်အောင်၊ နိုင်ငံနှင့်လူမျိုးတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည့်အလုပ်မျှ လုပ်၍မရအောင် ဖျက်နည်းပေါင်းစုံဖြင့် ဖျက်ဆီးလျက်ရှိကြသည်။
အဖျက်အင်အားစုဟုဆိုရာတွင် ပြည်တွင်းအဖျက်သမားတို့သာမက ပြည်ပအဖျက်အင်အားစုများလည်း ပါဝင်သည်။ ယနေ့ဖြစ်ပေါ်နေသည့် ကမ္ဘာ့အခြေအနေတွင် စည်းလုံးညီညွတ်မှုပြိုကွဲပြီး အင်အားချည့်နဲ့နေသည့် နိုင်ငံငယ်မျိုးတို့အဖို့ လွန်စွာအန္တရာယ်များသည်။ အင်အားကြီးနိုင်ငံတို့၏ မဟာဗျူဟာရည်မှန်းချက်အတွက် အသုံးချခံအဖြစ် ထာဝရနာလန်မထူနိုင်သည့် မည်ကာမတ္တနိုင်ငံငယ်ဘဝသို့ အချိန်မရွေးကျရောက်သွားနိုင်သည်။ သို့ဖြစ်ရာ ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေတို့အရ မြန်မာနိုင်ငံသည် တိုင်းရင်းသားသွေးရင်းသားရင်းတို့ စည်းလုံးညီညွတ်သည့်နိုင်ငံ၊ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး အင်အားသုံးရပ်တို့ တောင့်တင်းခိုင်မာသည့်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝံ့ထည်စွာရပ်တည်နိုင်ဖို့လိုသည်။ မိမိတို့နိုင်ငံ၏ မျက်မှောက်ကာလသမိုင်းပေးတာဝန်ကို ယနေ့မျိုးဆက် အနုပညာရှင်များနှင့် မျိုးဆက်သစ်အနုပညာရှင်များက ရှေးရှေးအနုပညာရှင်ကြီးများကဲ့သို့ပင် ကျေပွန်ကြစေချင်သည်။ အနုပညာစွမ်းပကားဖြင့် နိုင်ငံကို ဝိုင်းဝန်းတည်ဆောက်ကြစေချင်သည်။
ယနေ့စတင်ကျင်းပပြီဖြစ်သည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ ဦးတည်ချက်များနှင့်အညီ ရိုးရာအမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းခြင်းနှင့်အတူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။