ရန်ကုန် အောက်တိုဘာ ၁၂
တရုတ်နိုင်ငံ နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်း၏ ဖိတ်ကြားချက်အရ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဦးတင်ဦးနှင့် အမှုဆောင်အဖွဲ့ဝင်သုံးဦးတို့သည် ပေကျင်းမြို့သို့ အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်အထိ သွားရောက်ကြသည်။
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် အောက်တိုဘာ ၁၀ ရက် တွင် Chinese People’s Association for Friend-ship with Foreign Countries (CPAFFC) ရုံး၌ ၎င်းအသင်းတည်ထောင်ခြင်း နှစ် (၇၀) ပြည့်အခမ်းအနားနှင့် တရုတ်-အာဆီယံ ချစ်ကြည်ရေးအသင်း ခေါင်းဆောင်များ (၄) ကြိမ်မြောက် စုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံတကာချစ်ကြည်ရေးအသင်းခေါင်းဆောင်များ၊ ကိုယ်စားလှယ်များတက်ရောက်ကြပြီး တရုတ်နှင့်အာဆီယံနိုင်ငံများပူးပေါင်း၍ ချစ်ကြည်ရေးလုပ်ငန်းစဉ်များ တိုးတက်ဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ပြည်သူ့ခန်းမ၌ကျင်းပသည့် အခမ်းအနားသို့တက်ရောက်ရာ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်းကြီး နှစ် (၇၀) ပြည့် အခမ်းအနားကိုဆက်လက်ကျင်းပရာ ဒုတိယသမ္မတ Mr.Yuan Mindao နှင့် CPAFFC ဥက္ကဋ္ဌတို့တက်ရောက်ပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာမှ ကိုယ်စားလှယ်များအား ညစာစားပွဲနှင့် ဂုဏ်ပြုဧည့်ခံသည်။
တရုတ်အာဆီယံ ချစ်ကြည်ရေးအသင်းခေါင်းဆောင်များ (၄) ကြိမ်မြောက်အစည်းအဝေးတွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက နှစ်နိုင်ငံအကြား ချစ်ကြည်ရေးသမိုင်းမှတ်တိုင်များ ထင်ရှားခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရကလည်း တရုတ်နိုင်ငံ၏ One China Policy ကို အစဉ်တစိုက် ထောက်ခံရပ်တည်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။
နိုင်ငံတကာမှတက်ရောက်လာကြသော ကိုယ်စားလှယ်များအား ပေကျင်းမြူနီစီပယ်အုပ်ချုပ်ရေးအဖွဲ့က မြို့ဧရိယာသစ်အကောင်အထည်ဖော်ခဲ့သည့် (၁၀) နှစ်တာအတွင်း တိုးတက်လာသော Millennium city နှင့် ယဉ်ကျေးမှု၊ အနုပညာပြခန်း၊ ပေကျင်းအရှေ့ဘက်ရှိ မဟာတူးမြောင်းပြခန်းကြီးနှင့် တူးမြောင်းအတွင်း ရေယာဉ်များနှင့် လှည့်လည်ပြသပြီး ဟီဘေးပြည်နယ်အတွင်း ရှောင်ကျန်မြို့သစ် ဆောက်လုပ်တိုးတက်ပြီးစီးမှု၊ ပေကျင်းမြို့တွင် လူဦးရေ ၂၃ သန်းခန့်ရှိလာ၍ လူနေမှုကျပ်တည်းမှုများ အတွက်ဖြေရှင်းပေးရန်၊ ရုံးများအသစ် ဆောက်လုပ်ပေးရန် ရည်ရွယ်ထားရှိမှုများကို ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
သတင်းစဉ်