Skip to main content

ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာ ပဲကြော်ပဲလှော်ဖိုလုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေး ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၇

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးခေတ်မီစံပြကျေးရွာသို့ရောက်ရှိပြီး ရေကြီးရေလျှံရေတိုက်စားမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ပဲလှော်ဖိုလုပ်ငန်းရှင်များ၊ ကျေးရွာနေပြည်သူများ၏လုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် သမဝါယမဦးစီးဌာနမှ သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးသည့်ချေးငွေဖြင့် ပဲလှော်ဖိုများပြင်ဆင်ခြင်း၊ အသစ်တည်ထောင်ခြင်း၊ ကုန်ကြမ်းများဝယ်ယူခြင်းနှင့် လုပ်ငန်းများစတင်လည်ပတ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြုပြင်ရန်ကျန်ရှိသော ပဲကြော်ပဲလှော်ဖိုများ အမြန်ပြုပြင်ဆောင်ရွက်သွားရန်၊ ပြင်ဆင်ပြီး ပဲကြော်ပဲလှော်ဖိုများကိုလည်း လုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် ကျေးရွာရှိ ပဲစိုက်ပျိုးမည့်တောင်သူများအနေဖြင့်လည်း ပဲမျိုးစေ့များလိုအပ်ချက်ရှိပါက အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ပျက်စီးဆုံးရှုံးခဲ့သည့် ပဲကြော် ပဲလှော်ဖို ၄၈ ဖိုရှိပြီး ယခုအခါ ပဲလှော်ဖို ၁၈ ဖို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ပြင်ဆင်ပြီး ပဲလှော်ဖိုများအနက် ပဲလှော်ဖို ၁၀ ဖိုမှာ လုပ်ငန်းများ စတင်လည်ပတ်လျက်ရှိကြောင်းသိရသည်။

ထို့နောက် ပျဉ်းမနားမြို့နယ် ဆင်သေကျေးရွာအုပ်စု ကွက်သစ်ကျေးရွာသို့ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါးနှင့်စိုက်ပျိုးသီးနှံများအစား ဒေသနှင့်ကိုက်ညီသည့်သီးနှံများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည့်မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့်ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် သဘာဝဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားကာ ဆန်များထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ရေဘေးသင့်ခဲ့သည့် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာစံပြကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် စာသင်ကျောင်းနှင့်ကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ ကျေးရွာသူရွာသားများစုပေါင်း၍ ကျေးရွာတွင်းလမ်းများ သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်