နေပြည်တော် အောက်တိုဘာ ၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ်ဝင်/ ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိကြောင်း သိရသည်။
တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း သတင်းရရှိမှု (၉၅) ကြိမ်ရရှိခဲ့ပြီး သတင်းမှား (၄၅) ကြိမ်၊ နောက်ကျသတင်း တစ်ကြိမ်နှင့် ဖမ်းဆီးရမိမှု (၄၉) ကြိမ်ဖြစ်သည်။ သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲ (၈၃) မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း ၅၅ မျိုးအပါအဝင် ခန့်မှန်းတန်ဖိုးကျပ် ၂၁၀၂ ဒသမ ၈၆၄ သန်းနှင့် တရားမဝင်ကုန်စည်များတင်ဆောင်လာသည့် မော်တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် ၂၁၀၂ ဒသမ ၈၆၄ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၄၂၀ ဒသမ ၅၇၃ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှလည်း မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့်ပတ်သက်၍ လက်ကိုင်ဖုန်း - ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegal-tradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်