နေပြည်တော် အောက်တိုဘာ ၅
၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန်ဆရာ ဆရာမများ၊ ပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
သဝဏ်လွှာဖတ်ကြား
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဖတ်ကြားသည်။
ထို့နောက် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် “ဆရာ့အသံများကို အလေးထားခြင်း” ဆောင်ပုဒ်ဖြင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားခြင်း၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန်ဆရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြ ခြင်းတို့ ဆောင်ရွက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများ၊ ထူးချွန်ဆရာ ဆရာမများ၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ရုက္ခဗေဒဌာနမှ အငြိမ်းစားဆရာကြီး ဆရာမကြီး ၁၂ ဦး၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာမြင့်ဆွေနှင့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာကြီး ဒေါက်တာ မောင်ကျော်တို့ကို ဂါရဝပြုကန်တော့ကြရာ ဆရာကြီး ဆရာမကြီးများကိုယ်စား မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါက်တာဦးဝင်းနှင့် ဒေါက်တာ မောင်ကျော်တို့က ဩဝါဒစကားပြောကြားကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်