နေပြည်တော် စက်တင်ဘာ ၂၉
လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့်နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (TTTC ဘယ်လင်း) EV Workshop ၌ EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၄) သို့ တက်ရောက်လျက်ရှိသည့် သင်တန်းသားများ၏ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေးကာ လိုအပ်သည်များကို မှာကြားသည်။
သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်
ထို့နောက် ဒုတိယဝန်ကြီးသည် EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်၍ EV နည်းပညာသင်တန်းများကို စံနှုန်းများနှင့်အညီဖွင့်လှစ်ကာ ကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် ပျိုးထောင်ပေးလျက်ရှိကြောင်း၊ သင်တန်းဆင်းများသည် လေ့လာသိရှိခဲ့သည့် နည်းပညာများကို မိမိတို့၏ဌာနနှင့် လုပ်ငန်းခွင်များတွင် ပိုမိုတိုးတက်မှုရှိစေရန် အကျိုးရှိစွာပြန်လည်အသုံးချရန်၊ EV သုံးစွဲသည့် ပြည်သူများ၏ လက်ဝယ်အရောက် နည်းပညာများကို ဆက်လက်ဖြန့်ဝေပေးသွားရန် တိုက်တွန်းပြောကြားပြီး သင်တန်းသားများထံ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
သင်တန်းသို့ ပြင်ပ EV ကုမ္ပဏီများနှင့် EV Workshop များမှ သင်တန်းသား ၁၈ ဦးနှင့် ဝန်ကြီးဌာနများမှ သင်တန်းသား ခုနစ်ဦးတက်ရောက်ပြီး EV အဆင့်မြင့် သင်ထောက်ကူပစ္စည်းများကို Electude Digital Learning Management System ဖြင့် စက်တင်ဘာ ၉ ရက်မှ ၂၇ ရက်အထိ သင်တန်းကာလသုံးပတ်အတွင်း တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ၆ နာရီနှုန်းဖြင့် ပို့ချခဲ့ပြီး ပြင်ပ EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်နှင့် တက်ရောက်နိုင်မှုတို့အပေါ်မူတည်၍ သင်တန်းများကို တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်