နေပြည်တော် စက်တင်ဘာ ၂၇
(၄၂) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (42nd ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် လာအိုပြည်သူ့ဒီမိုကရက် တစ်နိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကြီးမှူးကျင်းပလျက်ရှိရာ လာအိုပြည်သူ့ဒီမိုကရက်တစ် နိုင်ငံ၊ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး၏ ဖိတ်ကြားချက်အရ အစည်းအဝေးများသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကို၊ စွမ်းအင်ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၊ အာဆီယံစွမ်းအင်ဗဟိုဌာနနှင့် နိုင်ငံတကာမှ စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation - APAEC Phase II (2021-2025)) ၏ပူးပေါင်းဆောင်ရွက်မှုကဏ္ဍခွဲများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးများတွင် ဒေသတွင်းနိုင်ငံများအကြား ရေအောက်လျှပ်စစ်ဓာတ်အားလိုင်းများအပါအဝင် လျှပ်စစ်ဓာတ်အားကွန်ရက် စနစ်အဆင့်မြှင့်တင်ရေး၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကွန်ရက်နှင့် LNG Terminal များ တိုးမြှင့် တည်ဆောက်ရေး၊ ကျောက်မီးသွေးနှင့် သန့်စင်သောကျောက်မီးသွေးသုံးစွဲမှု နည်းပညာများအသုံးပြုရေး၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာအသုံးချရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေး၊ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များ ပိုမိုတိုးမြှင့်သုံးစွဲရေး၊ မြို့ပြသုံး နျူကလီးယားစွမ်းအင်ဆိုင်ရာနည်းပညာနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ/ အဖွဲ့အစည်း များအကြား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး Joint Ministerial Statement (JMS) of 42nd AMEM နှင့် Joint Ministerial Statement of 21st AMEM+3 တို့ကို ထုတ်ပြန်ကြေညာ ခဲ့သည်။
(၄၂) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများအဖြစ် (၂၁) ကြိမ်မြောက် အာဆီယံနှင့် ဆွေးနွေးဖက် ၃ နိုင်ငံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံနှင့်အရှေ့အာရှနိုင်ငံများ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီတို့ အစည်းအဝေးများကိုလည်းကျင်းပခဲ့ပြီး ဒေသတွင်းစွမ်အင်မျှဝေသုံးစွဲရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် သန့်ရှင်းသော စွမ်းအင်အသုံးပြုရေးတို့နှင့်စပ်လျဉ်းသော အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့်အတူ (၂၄) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ စီးပွားရေးဖိုရမ် (24th ASEAN Energy Business Forum – 24th AEBF) နှင့် အာဆီယံစွမ်းအင် ဆိုင်ရာ ဆုတံဆိပ်ချီးမြှင့်ပွဲတို့ကိုလည်း တစ်ပေါင်းတည်းကျင်းပပြုလုပ်ခဲ့ပြီး 8th ASEAN ENERGY OUTLOOK ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်