Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) နှင့် ကွန်ပျူတာတက္ကသိုလ် (မန္တလေး) တို့၌ ကျောင်းသားများ ရွှင်လန်းချမ်းမြေ့စွာစာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေး

နေပြည်တော် စက်တင်ဘာ ၂၇

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) သို့ရောက်ရှိပြီး စာမေးပွဲခန်းများတွင် အင်ဂျင်နီယာ ဘာသာရပ်များအလိုက် ကျောင်းသားကျောင်းသူများ ရွှင်လန်းချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် စာမေးပွဲစည်းကမ်းများအတိုင်း အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ် Master Plan နှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ ပြည်သူများကို အမှန်တကယ်အလုပ်ကျွေးပြုနိုင်သည့်အရည်အသွေးပြည့်မီသော အင်ဂျင်နီယာလူငယ်ကောင်းများကို စဉ်ဆက်မပြတ်ပျိုးထောင်ပေးနိုင်သည့် ရပ်ဝန်းကောင်းအဖြစ် ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဖြေဆိုမှုပြီးစီး၍ စာမေးပွဲခန်းများမှ ပြန်လည်ထွက်ခွာလာကြသည့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ဖြေဆိုနိုင်မှုအခြေအနေများကို မေးမြန်းသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ် (မန္တလေး) သို့ရောက်ရှိပြီး စာမေးပွဲဖြေဆိုရန်ရောက်ရှိနေကြသည့် ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စာမေးပွဲများတွင် ဖြေဆိုနိုင်ရေးဆောင်ရွက်ကြသလို နိုင်ငံ့အကျိုးပြု IT ပညာရှင် များဖြစ်စေရေး ရည်မှန်းဆောင် ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စာမေးပွဲခန်းများတွင် ဘာသာရပ်များအလိုက် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်