နေပြည်တော် စက်တင်ဘာ ၂၇
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဦးစီးကော်မတီ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ရုံးအမှတ် (၃၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဆပ်ကော်မတီများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ အမျိုးသားအားကစားပွဲတော် ဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသား အားကစားပွဲတော်၌ အသုံးပြုရန် အတည်ပြုသတ်မှတ်ရွေးချယ်ထားသည့် Logo နှင့် အခမ်းအနား ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပမှု အစီအစဉ်များ၊ သရုပ်ပြဖျော်ဖြေမှုဆိုင်ရာ ကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ပရိသတ်များ လာရောက်ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုနှင့် မီးရှူးတိုင်သယ်ယူမည့် လမ်းကြောင်းစီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြား၍ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်အဆင့် ခမ်းနားအောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်ပေါင်းစပ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဆပ်ကော်မတီများမှ တာဝန်ရှိသူများက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ခမ်းနားအောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်