နေပြည်တော် စက်တင်ဘာ ၂၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ သာယာစု(အရှေ့)ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်း၌ ရေများဝင်ရောက်ခဲ့မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းများဖယ်ရှားရှင်းလင်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ရေများဝင်ရောက်ခဲ့မှုအခြေအနေများနှင့် အခြေခံကျောင်းများတွင် နုန်းများဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ သဲ၊ နုန်းများအား ဖယ်ရှားရှင်းလင်းရေး၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ဆောင်ရွက်ပေးပြီး စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ အင်းသာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း(သာယာအင်း)သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း၌ ရေများဝင်ရောက်ခဲ့မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းများဖယ်ရှားရှင်းလင်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်အတွင်းရှိ မွန်းတည့်ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာသို့ ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ ဇီးဖြူပင်ကျေးရွာအနီးတွင် ကတ္တရာလမ်း ရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သည့်နေရာအား လမ်းဦးစီးဌာနမှ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အများပြည်သူများ သွားလာမှုအဆင်ပြေစေရေး၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် အမြန်ပြီးစီးအောင် ဆောင်ရွက်စေလိုကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာနှင့် ဇီးဖြူပင်ကျေးရွာကြားတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ပေါင်းလောင်းလက်ယာမြောင်းမကြီး ရေမြောင်းတာဘောင်အား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စက်ယန္တရားများဖြင့် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများစိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် တာဘောင်ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ရောက်ရှိပြီး ကျောင်းဝင်းအတွင်း၌ ရေများဝင်ရောက်ခဲ့မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းများ ဖယ်ရှားရှင်းလင်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများကို လူအင်အား၊ စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဆင်သေကျေးရွာ သာသနာ့ပုညကာရီရွာဦးကျောင်းတိုက်အတွင်း ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ ထမင်းဘူးများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဆင်သေကျေးရွာ သာသနာ့ပုညကာရီရွာဦးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)