နေပြည်တော် စက်တင်ဘာ ၂၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ဝါကြိတ်စက်ရုံ (ရမည်းသင်း)သို့ ရောက်ရှိပြီး စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်းတို့ပူးပေါင်း၍ ကြိတ်လုံးနှစ်လုံးတပ် ဝါကြိတ်ခွဲစက်အား နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် မောင်းနှင် အသုံးပြုနိုင်ရေးအတွက် ဆိုလာပြားများ တပ်ဆင်ထားရှိမှု၊ လက်တွေ့စမ်းသပ်လည်ပတ်၍ ဝါကြိတ်ခွဲနေမှုကို ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်မီးမရရှိသည့်ဒေသများရှိ တောင်သူများအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် ဝါများကြိတ်ခွဲနိုင်ရေးအတွက် စမ်းသပ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ဝါစိုက်ပျိုးတောင်သူများအနေဖြင့် ထွက်ရှိသည့်ဝါများကို တိုက်ရိုက်ရောင်းချခြင်းထက် ဝါကြိတ်စက်ဖြင့်ကြိတ်ခွဲပြီး ဝါဂွမ်းပြုလုပ်ရောင်းချပါက အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်၍ အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ကြိတ်ခွဲခြင်းဖြင့် အဆင့်မီဝါဂွမ်းများရရှိပြီး ချည်များထုတ်လုပ်ပါက ချည်များ၏အရည်အသွေးများ ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အဆင့်မီချည်များ ထုတ်လုပ်နိုင်ပါက ပြည်ပမှချည်တင်သွင်းရမှုကို လျှော့ချနိုင်မည့်အပြင် အဆင့်မီပိတ်များ ရက်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ဝါစိုက်တောင်သူများအနေဖြင့် ဝါကြိတ်ခွဲခြင်းလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းဖြင့် ဝင်ငွေတိုးတက်လာပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ကာ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သောကြောင့် ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။
ယခုစမ်းသပ်လည်ပတ်သည့် ကြိတ်လုံးနှစ်လုံးတပ် ဝါကြိတ်စက်သည် အိန္ဒိယနိုင်ငံထုတ် Bajaj အမျိုးအစားဖြစ်ပြီး တစ်နေ့လျှင် ဝါပိဿာ ၆၀၀ ကျော် ကြိတ်ခွဲထုတ်လုပ်နိုင်ကာ ကြိတ်လုံးနှစ်လုံးတပ် ဝါကြိတ်စက်များကို နေရောင်ခြည်စွမ်းအင်ဖြင့် လည်ပတ်နိုင်ရေးအတွက် ဆိုလာတစ်ချပ်လျှင် ၆၆၅ ဝပ် ထွက်ရှိသည့်ဆိုလာပြား ၁၄ ချပ် တွဲဆက်ပြီး ၇ ဒသမ ၅ ကီလိုဝပ် ဟိုက်ဘရစ်အင်ဗာတာ အသုံးပြု၍ ဝါကြိတ်စက်ကို စမ်းသပ်ဝါကြိတ်ခွဲနေခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်