Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး ထောက်ပံ့

နေပြည်တော် စက်တင်ဘာ ၂၅

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် တပ်ကုန်းမြို့နယ်၊ အောင်ဆန်းခန်းမ၌ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်၌ ရေဘေးဖြစ်ပွားခဲ့မှုအခြေအနေ၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုနှင့်အညီ ပံ့ပိုးထောက်ပံ့မည့်အခြေအနေ၊ သဘာဝဘေးလျော့ပါးရေးနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးတို့အတွက် အသိပညာရရှိစေရေး ဝန်ကြီးဌာနကဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

ထို့အတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရေကြီးရေလျှံမှုကြောင့် တပ်ကုန်းမြို့နယ်တွင် ထိခိုက်ဆုံးရှုံးခဲ့မှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပုံမှန်ဖြစ်စေရေးဆောင်ရွက်နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် အသက်မွေးဝမ်းကျောင်းကဏ္ဍများအတွက် နိုင်ငံတော်က ထောက်ပံ့ကူညီရန် လျာထားဆောင်ရွက်နေမှုများကို ရှင်းလင်းမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ၊ အဝတ်အထည်များ၊ ဆန်၊ ခေါက်ဆွဲခြောက်နှင့်ရေသန့်များ ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိသည်။

သတင်းစဉ်