နေပြည်တော် စက်တင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် လုပ်ငန်းလမ်းညွှန် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခဌာနမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုဝင်ဘာ ၂၀ ရက်တွင် အဝေးသင်စာမေးပွဲများ ပြီးဆုံးပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၏ နေ့သင်တန်းများကို နိုဝင်ဘာ ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းက ဆောင်ပုဒ်ရှိသည်နှင့်အညီ ကျောင်းသား ကျောင်းသူများ စည်းကမ်းလိုက်နာတတ်ပြီး အမှန်တကယ် စာတတ်မြောက်အောင် ဆရာ ဆရာမများက လေ့ကျင့်ပျိုးထောင်ပေးရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာစေရေး အစဉ်တစိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က သင်ကြားရေးကိစ္စရပ်များ၊ စာမေးပွဲကိစ္စရပ်များတွင် လစ်ဟာမှုများမရှိအောင် သတိကြီးစွာဖြင့် ကြိုတင်စဉ်းစားလုပ်ဆောင်ကြစေလိုကြောင်း ပြောကြား သည်။
သင်ကြားပေးရန်လိုအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ် (၂၄) ကြိမ်မြောက် ဝိဇ္ဇာ၊ သိပ္ပံ သုတေသနညီလာခံကို ဇန်နဝါရီလတွင် ကျင်းပသွားမည်ဖြစ်ပြီး သုတေသနစာတမ်းများကို ပါဝင်ဖတ်ကြားဆွေးနွေးစေလိုကြောင်း၊ ဆရာ ဆရာမများအနေဖြင့် နိုင်ငံ၏ပညာ ရေးကဏ္ဍတိုးတက်စေရန် မိမိတို့တတ်မြောက်ထားသောပညာရပ်များကို စေတနာအပြည့်ဖြင့် သင်ကြားပေးရန်လိုအပ်ကြောင်းပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်